
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

နေပြည်တော်၊ ဧပြီလ ၈ရက်
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းသည် မန္တလေးတိုင်း ဒေသကြီး အတွင်းရှိ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ခွင့်ပြုမိန့်ဖြင့် တည်ဆောက် လုပ်ကိုင်လျက် ရှိသော ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအား ၂၀၁၈ ခုနှစ် ဧပြီလ ၈ ရက်နေ့တွင် ကွင်းဆင်း စစ်ဆေးခဲ့ ပါသည်။
ပြည်ထောင်စုဝန်ကြီးသည် မန္တလေးတိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြတ်သူနင့် တာဝန်ရှိသူများ လိုက်ပါ၍ ၂၀၁၈ ခုနှစ် ဧပြီလ ၈ ရက်နေ့ ၈နာရီ ၂၀ မိနစ် အချိန်တွင် မန္တလေးမြို့ ၈၀လမ်း၊ ၂၇ လမ်းနှင့် ၂၈လမ်းကြားတွင် SNG Myanmar Limited မှ အဆင့်မြင့် ဈေးဝယ်စင်တာနှင့် နိုင်ငံတကာ အဆင့်မီ ရုံးခန်းများ တည်ဆောက် လုပ်ကိုင်လျက်ရှိသည့် လုပ်ငန်းခွင်သို့ သွားရောက်ခဲ့ပြီး ကုမ္ပဏီ၏ ဒါရိုက်တာမှ စီမံကိန်းတည်ဆောက်မှု တိုးတက်မှုအခြေအနေများအား ရှင်းလင်းတင်ပြမှု အပေါ် ပြည်ထောင်စုဝန်ကြီးမှ လိုအပ်သည်များကို မှာကြားဖြည့်ဆည်းပေးခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မြစ်ငယ်၌ မြန်မာ့မီးရထားနှင့် BOT စနစ်ဖြင့် ကုန်းတွင်း ဆိပ်ကမ်း ဝန်ဆောင်မှုလုပ်ငန်းများ တည်ဆောက်ဆောင်ရွက်လျက်ရှိသော Resources Group Logistics Ltd နှင့် KM Terminal and Logistics Ltd တို့၏ လုပ်ငန်းများသို့ သွားရောက်ခဲ့ပြီး တာဝန်ရှိသူများမှ တည်ဆောက်ရေးလုပ်ငန်းများ ပြီးစီးမှု အခြေအနေများနှင့် စီးပွားဖြစ်ဝန်ဆောင်မှု ပေးနိုင်ရန် ဆောင်ရွက်နေသည့် အခြေအနေများအား ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးမှ ဒေသ၏ ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်းများ အရည်အသွေးမှီ ၊ ကုန်ကျစရိတ် သက်သာစွာဖြင့် ဝန်ဆောင်မှုပေးနိုင် ရေးအတွက် ဆွေးနွေးမှာကြားခဲ့ပါသည်။
ဆက်လက်၍ Europe & Asia Beverages Co.,Ltd သို့ သွားရောက်ခဲ့ပြီး ကုမ္ပဏီ၏ ဒါရိုက်တာမှ ပဲနို့၊ အချိုရည်နှင့် ရေသန့်များ နိုင်ငံတကာအဆင့်မီ အရည်အသွေးမြှင့် ထုတ်လုပ်ရန် ဆောင်ရွက်နေမှု အခြေ အနေများအား တင်ပြရာ ပြည်ထောင်စုဝန်ကြီးမှ သွင်းကုန်အစားထိုးလုပ်ငန်းများအား နိုင်ငံတော်မှ မူဝါဒချမှတ်၍ အားပေးကူညီ နေသည့် အတွက် နိုင်ငံတကာ အရည်အသွေးမီ ကုန်ပစ္စည်းများဖြစ်အောင် ကမ္ဘာ့အဆင့်မီ ကုန်ထုတ်လုပ်မှု စနစ်များနှင့် ပြည်ပမှ နိုင်ငံခြားငွေ သန်းပေါင်းများစွာ သုံးစွဲ၍ တင်သွင်း နေရသော အချိုရည်နှင့် စားသောက်ကုန်များ နေရာတွင် အစားထိုးနိုင်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်သွားရန် တိုက်တွန်းပြောကြားခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အမရပူရမြို့နယ်ရှိ တောင်သမန်သစ္စာ ကုမ္ပဏီ လီမိတက်၏ မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့် ကျေးလက်ခရီးသွား အပန်းဖြေလုပ်ငန်းစီမံကိန်း တည်ဆောက်ရေး လုပ်ငန်း စီမံကိန်းရုံးသို့ သွားရောက်ခဲ့ပြီး ဒါရိုက်တာ အဖွဲ့ဝင်များနှင့် တွေ့ဆုံကာ လိုအပ်သည်များအား ဆွေးနွေး မှာကြားသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မြို့သာစက်မှုဇုန်သို့ ဆက်လက် ထွက်ခွာခဲ့ပြီး မြန်မာ နိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့် ဆောင်ရွက်လျက်ရှိသည့် Japfa Comfeed Myanmar Pte., Ltd ၏ မွေးမြူရေးအစားအစာများ ထုတ်လုပ်ရန် ပြင်ဆင်ဆောင်ရွက်နေမှုအားလည်းကောင်း၊ De Hues Myanmar Co., Ltd ၏ တိရိစ္ဆာန်အစာထုတ်လုပ်မှုလုပ်ငန်း တည်ဆောက်ရေးလုပ်ငန်းခွင် သို့လည်းကောင်း ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပါသည်။