
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏ (၉/၂၀၁၇) ကြိမ်မြောက် အစည်းအဝေးကို ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် ရန်ကုန်မြို့၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။
အဆိုပါ အစည်းအဝေးသို့ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် ကော်မတီ အဖွဲ့ဝင်များ တက်ရောက်ခဲ့ပါသည်။
အစည်းအဝေးတွင် ဥက္ကဋ္ဌက ရန်ကုန်တိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ အဆင်ပြေ ချောမွေ့စေရေးအတွက် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ဆွေးနွေးမှာကြားခဲ့ပါ သည်။ အဆိုပါအစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီသည် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေနှင့်အညီ ရန်ကုန်တိုင်း ဒေသကြီးအတွင်း ဆောင်ရွက်မည့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၅ ခုကို အတည်ပြုပေးခဲ့ပါ သည်။ အဆိုပါလုပ်ငန်း၏ မတည်ငွေရင်းပမာဏ စုစုပေါင်းမှာ အမေရိကန်ဒေါ်လာ ၇.၁၅၆ သန်း ဖြစ်ပြီး ပြည်တွင်း အလုပ်အကိုင်အခွင့်အလမ်း ၃၀၄၄ ဦး အတွက် ဖန်တီးပေးနိုင်မည်ဖြစ်ပါသည်။
၂၀၁၇ ခုနှစ် သြဂုတ်လမှ ဒီဇင်ဘာလ ၂၀ ရက်နေ့အထိ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီအနေဖြင့် စက်မှုကဏ္ဍနှင့် အခြားဝန်ဆောင်မှုကဏ္ဍတို့တွင် စင်ကာပူနိုင်ငံ၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ကိုရီးယားသမ္မတနိုင်ငံ၊ ထိုင်ဝမ်၊ ဟောင်ကောင်၊ ဂျပန်နိုင်ငံနှင့် မလေးရှားနိုင်ငံတို့မှ စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၂၁ ခုနှင့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၃ ခုတို့အား အတည်ပြုမိန့်များ ထုတ်ပေးခဲ့ပြီး၊ မတည်ငွေရင်း ပမာဏ စုစုပေါင်း အမေရိကန် ဒေါ်လာ ၂၉.၈၇၉ သန်းနှင့် မြန်မာကျပ်ငွေ ၈၇၁၉.၂၂ သန်းရှိပြီး အလုပ်အကိုင် အခွင့်အလမ်း ၉၂၄၀ ဦး အတွက် ဖန်တီးပေးနိုင်မည်ဖြစ်ပါသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံမှု ဆောင်ရွက်လိုသူများအနေဖြင့် မတည်ငွေရင်း ပမာဏ အမေရိကန်ဒေါ်လာ ၅ သန်း (သို့) ကျပ်သန်း ၆၀၀၀ အထိ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ အတည်ပြု လျှောက်ထားလွှာများကို ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ ရန်ကုန်တိုင်း ဒေသကြီးဦးစီးမှူးရုံး၊ အမှတ် ၁၊ သစ္စာလမ်း၊ ရန်ကင်းမြို့နယ်၊ တယ်လီဖုန်းအမှတ် ၉၅-၀၁-၆၅၇၈၉၂ သို့ ဆက်သွယ် မေးမြန်း လျှောက်ထားနိုင်ပါသည်။
ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီ