
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

ကယားပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏(၈/၂၀၁၈) ကြိမ်မြောက် အစည်းအဝေးကို ၂၀၁၈ ခုနှစ် အောက်တိုဘာလ ၂၆ ရက်နေ့တွင် ကယားပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ ၌ ကျင်းပပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေနှင့်အညီ တင်ပြလာသည့် အတည်ပြုချက် များအပေါ် ဆွေးနွေးစိစစ်မှု ပြုလုပ်ခဲ့ပါသည်။
အစည်းအဝေးသို့ ကယားပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ နှင့် ကယားပြည်နယ် ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို နှင့် ကော်မတီအဖွဲ့ဝင်များ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည် မြောင်း ဝန်ကြီး၊ ကယားပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်ဝင်း၊ ပတ်ဝန်းကျင် ထိန်း သိမ်းရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးဇော်ထွန်းအောင် နှင့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာသန်းအေးတို့ တက်ရောက်ခဲ့ကြပါသည်။
အဆိုပါအစည်းအဝေးတွင် ရင်းနှီးမြှုပ်နှံသူမှ တင်ပြလာသော အတည်ပြုမိန့် လျှောက်ထား လွှာများပေါ် သုံးသပ်ခဲ့ကြပြီး တင်ပြလာသည့် ဟိုတယ်တည်ဆောက်၍ ဝန်ဆောင်မှုပေးသည့် လုပ်ငန်း (၂) ခုနှင့် မျိုးရင်းဝက်မွေးမြူထုတ်လုပ်ခြင်းလုပ်ငန်း (၁) ခုအား အတည်ပြုမိန့် ထုတ်ပေး ရန် ဆုံးဖြတ်ခဲ့ကြပါသည်။
ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီသည် ကော်မတီစတင်ဖွဲ့စည်းပြီးသည့် အချိန်မှ စတင်၍ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၁၀) ခုကို အတည်ပြုမိန့်ထုတ်ပေးနိုင်ခဲ့ပြီး ယင်းလုပ်ငန်း(၁၀)ခုမှ ရင်းနှီးမြှုပ်နှံမှု ပမာဏ စုစုပေါင်း အမေရိကန်ဒေါ်လာ ၃.၁၈၁၉၄၃ သန်းနှင့် မြန်မာကျပ်ငွေ ၁၁.၂၅ ဘီလီယံ ရှိမည် ဖြစ်ပါသည်။ ယင်းလုပ်ငန်း (၁၀) ခုမှ ပြည်တွင်း အလုပ်အကိုင် ၃၈၆ ဦးကို ဖန်တီး ပေးနိုင်မည် ဖြစ်ပါသည်။