
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှုများ ပိုမိုစီးဝင်လာစေရေးနှင့် လာမည့်နှစ် (၂၀) အတွင်း ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၂၀၀ ဘီလီယံကျော် ရရှိစေရန် မျှော်မှန်း ရေးဆွဲထား သည့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးစီမံကိန်း မိတ်ဆက်ခြင်းအခမ်းအနားကို ၂၀၁၈ ခုနှစ် အောက်တိုဘာ လ ၁၈ ရက်နေ့၌ ရန်ကုန်မြို့၊ ဆီဒိုးနားဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ စီမံကိန်းသည် နိုင်ငံတော်အတွက်သာမက ပြည်တွင်းရှိ စီးပွားရေး လုပ်ငန်းများ အတွက် များစွာ အကျိုးရှိနိုင်မည်ဖြစ်ပြီး စီမံကိန်းအောင်မြင်စေရေးအတွက် သက်ဆိုင်သူများ အားလုံး ပူးပေါင်း ဆောင်ရွက်လိုကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် အဖွဲ့ဝင် ဦးအေးလွင်မှ ပြောကြားပါသည်။
အဆိုပါ စီမံကိန်းကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်နှင့် ဂျပန်အပြည်ပြည် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) တို့ပူးပေါင်း၍ ရေးဆွဲခဲ့ခြင်းဖြစ်ပြီး ရင်းနှီး မြှုပ်နှံမှု ရည်မှန်းချက် များအား မဟာဗျူဟာများချမှတ်ကာ လုပ်ငန်းအဖွဲ့များ ဖွဲ့စည်း အကောင် အထည်ဖော် ဆောင်ရွက်သွား မည်ဖြစ်ကြောင်းသိရပြီး အခမ်းအနားသို့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် အဖွဲ့ဝင် ဦးအေးလွင် ၊ရင်းနှီး မြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော်၊ ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ (JICA)၊ GIZ ၊ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ပြည်တွင်းပြည်ပ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ၊ နိုင်ငံတကာ အဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များ၊ ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနနှင့် ပြည်တွင်းပြည်ပမီဒီယာမှ တာဝန်ရှိ ပုဂ္ဂိုလ်များ စုစုပေါင်း(၁၈၀)ဦး ခန့် တက်ရောက်ခဲ့ပါသည်။
အခမ်းအနားတွင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် အဖွဲ့ဝင် ဦးအေးလွင် နှင့် Japan International Corporation Agency (JICA) မှ Chief Represetative ဖြစ်သူ Mr. Masayuki Karasawa တို့မှ အဖွင့်အမှာစကား အသီးသီး ပြောကြားခဲ့ပြီးနောက် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော် နှင့် Japan International Corporation Agency (JICA) မှ Team Leader ဖြစ်သူ Mr. Kazuo Mishima တို့မှ Myanmar Investment Promotion Plan (MIPP) နှင့်စပ်လျဉ်း၍ အသေးစိတ် ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။

