
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ဝန်ထမ်း မိသားစုများ၏ ပဉ္စမအကြိမ် စုပေါင်းမဟာဘုံကထိန် အလှူတော် မင်္ဂလာအခမ်းအနားကို ၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၂၂ ရက်နေ့တွင် အမှတ် (၁)၊ သစ္စာလမ်း၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်မြို့ရှိ ရင်းနှီး မြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ မင်္ဂလာဒုံမြို့နယ်၊ သုခိတာရာမ(ယဉ်ငေး) ကျောင်းတိုက်မှ ဆရာတော် သံဃာတော်များ ကြွရောက် ချီးမြှင့်တော်မူကြပြီး ညွှန်ကြားရေးမှူးချုပ်နှင့် ဝန်ထမ်းများ တက်ရောက်ကြည်ညိုကြပါသည်။
စုပေါင်းမဟာဘုံကထိန် အလှူတော် မင်္ဂလာအခမ်းအနားကို ကျင်းပရာ သုခိတာရာမ (ယဉ်ငေး) ကျောင်းပရိယတ္တိ-ပဋိပတ္တိ၊ ယဉ်ကျေးလိမ္မာသာသနာပြုဆရာတော် ဦးက္ကုန္ဒကထံမှ ညွှန်ကြားရေးမှူးချုပ် အမှူးပြုသော ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ကြ၍ ပရိတ် တရားတော်များ နာကြားကြပြီး ကထိန်လျာသင်္ကန်းနှင့် လှူဖွယ်ဝတ္တု ပစ္စည်းများဆက်ကပ် လှူဒါန်းကြပါသည်။
ထို့နောက် သုခိတာရာမ (ယဉ်ငေး) ကျောင်းပရိယတ္တိ-ပဋိပတ္တိ၊ ယဉ်ကျေးလိမ္မာ သာသနာ ပြုဆရာတော် ဦးက္ကုန္ဒကထံမှ ကထိန်အနုမောဒနာ တရားနာယူကြပြီး လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေကြပါသည်။ အခမ်းအနားအပြီးတွင် ညွှန်ကြားရေးမှူးချုပ်နှင့် ဝန်ထမ်း များမှ ကြွရောက်တော်မူလာကြသည့် ဆရာတော်ကြီးများအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းကြ ပါသည်။ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ဝန်ထမ်းမိသားစုများ၏ ပဉ္စမအကြိမ် စုပေါင်းမဟာဘုံကထိန် အလှူတော် မင်္ဂလာအခမ်းအနားတွင် ရုံး/ဌာနများမှ ပဒေသာပင် စုစုပေါင်း (၉) ခု၊ တန်ဖိုးငွေကျပ် ၁၉,၄၆၀,၄၅၀/- ပါဝင်လှူဒါန်းခဲ့ကြပါသည်။

