
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

နေပြည်တော်၊ ဒီဇင်ဘာလ ၁၅
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဉီးသောင်းထွန်း သည် ယနေ့ မွန်းလွဲပိုင်းတွင် Video Conferencing ဖြင့် ကျင်းပပြုလုပ်သည့် “Ascent Capital Investor Conference 2020″သို့ တက်ရောက်၍ ပုဂ္ဂလိကရှယ်ယာရင်းနှီးမြှုပ်နှံမှုသည် မြန်မာနိုင်ငံရှိကုမ္ပဏီများအားပိုမိုထိရောက်စေရန်၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ခြင်း နှင့် တီထွင်ဆန်းသစ်မှုများကို အားပေးသောကုမ္ပဏီများ ဖြစ်ပေါ်လာနိုင်စေရန် အမှာစကား ပြောကြားခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးကပြောကြားရာတွင်
“မြန်မာနိုင်ငံတွင် ပုဂ္ဂလိကရှယ်ယာ ရင်းနှီးမြှုပ်နှံမှုသည် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင် လျက်ရှိကြောင်း၊ နိုင်ငံတကာ၏ အကောင်းဆုံးအလေ့အကျင့်များကို လိုက်နာဆောင်ရွက်ခြင်းဖြင့် ကွန်ယက်နှင့် တီထွင်ဆန်းသစ်မှုတို့သည် တိုးတက်လာမည်ဟု ယုံကြည်ပါကြောင်း” အလေးအနက် ထားပြောကြားခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် အရည်အသွေးရှိသော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဆွဲဆောင်ရာတွင် နိုင်ငံတော်အစိုးရအနေဖြင့် ကောင်းမွန်သော ကော်ပိုရိတ်စီမံခန့်ခွဲမှုများနှင့် ပွင့်လင်း မြင်သာမှုများ၏ အရေးပါပုံကို ထည့်သွင်းပြောကြားခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးက အသစ်ဖွဲ့စည်းထားသော မြန်မာနိုင်ငံ၏ ဒါရိုက်တာများအင်စတီကျူ့တွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာနသည် အဖွဲ့ဝင်အဖြစ် ပါဝင်ဆောင်ရွက်လျက်ရှိကြောင်း၊ ၎င်းအဖွဲ့ သည် မြန်မာနိုင်ငံ၏ ပုဂ္ဂလိကကဏ္ဍ ရင်းနှီးမြှုပ်နှံသူများကို မြှင့်တင်ခြင်း၊ အဖွဲ့အစည်းများမှ ခေါင်းဆောင်များနှင့် စီးပွားရေးလုပ်ငန်းရှင်တို့အကြား ချိတ်ဆက်ဆောင်ရွက်ပေးခြင်း၊ ပွင့်လင်း မြင်သာမှုနှင့် စီးပွားရေးကျင့်ဝတ်တို့ကို မြှင့်တင်ခြင်း စသည့် ရင်းနှီးမြှုပ်နှံသူများအပေါ် ယုံကြည်မှု မြှင့်တင်ပေးနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
အဆိုပါညီလာခံသို့ ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံသူများမှ စုစုပေါင်း ၁၇၀ ကျော် တက်ရောက်ခဲ့ ပါသည်။
Ascent Capital Partnersနှင့် Singapore fund managerတို့ကAscent Myanmar Growth Fund ကို ထုတ်ပြန်ကြေညာခဲ့ပြီး ၎င်းသည် လွန်ခဲ့သော ၂ နှစ်ခန့်မှ စတင်၍ အမေရိကန်ဒေါ်လာ ၈၈ သန်း ကိုဆွဲဆောင်နိုင်ခဲ့ပြီး ကမ္ဘာ့အကြီးဆုံး ပုဂ္ဂလိကရှယ်ယာရန်ပုံငွေကို ဖန်တီးပေးနိုင်ခဲ့ပါသည်။



