
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

ရန်ကုန်၊ သြဂုတ် ၁၄
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၁၁/၂၀၂၀) ကြိမ်မြောက် အစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ ကော်မရှင်အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်း အဝေးသို့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း၊ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်နှင့် အဖွဲ့ဝင် (၁၀) ဦးတက်ရောက်ကြပါသည်။
ပထမဦးစွာ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း က ယခုဘဏ္ဍာနှစ်အတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလျာထားချက် အမေရိကန်ဒေါ်လာ (၅.၈) ဘီလီယံ ကိုပြည့်မီရန်ကြိုးပမ်းလျက်ရှိပါကြောင်း၊ ကော်မရှင်အနေဖြင့်လည်း တာဝန်ယူမှုရှိသော ရင်းနှီး မြှုပ်နှံမှုများ ပေါ်ပေါက်လာစေရန် အစဉ် ဂရုပြုကြရမည် ဖြစ်ပါကြောင်း အလေးထားမှာကြား ခဲ့ပါသည်။
အစည်းအဝေးတွင် ဆောင်ရွက်ဆဲလုပ်ငန်း(၃)ခုမှ မတည်ငွေရင်း တိုးမြှင့်ခြင်းအပါအဝင် ကုန်ထုတ်လုပ်မှုကဏ္ဍ၊ ဟိုတယ်နှင့် ခရီးသွားကဏ္ဍနှင့် အခြားဝန်ဆောင်မှုကဏ္ဍတို့မှ လုပ်ငန်းသစ်(၃)ခု ကိုခွင့်ပြုခဲ့ပါသည်။ အဆိုပါလုပ်ငန်းများ၏ ရင်းနှီးမြုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ (၂၀.၀၅၇) သန်းနှင့် ကျပ် (၁၅၈,၀၅၉) သန်းရှိ ပြီးပြည်တွင်းလုပ်သားများအတွက် အလုပ်အကိုင် အခွင့်အလမ်း ပေါင်း(၇၅၀)နေရာကို ဖန်တီးပေးနိုင်မည် ဖြစ်ပါသည်။
၂၀၂၀ ပြည့်နှစ် ဇူလိုင်လကုန်အထိ ရင်းနှီးမြှုပ်နှံမှု အများဆုံးပြုလုပ်သော နိုင်ငံ/ဒေသများ မှာစင်ကာပူနိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ထိုင်းနိုင်ငံတို့ ဖြစ်ပါသည်။ နိုင်ငံ/ဒေသပေါင်း (၅၁)ခု မှ စီးပွားရေးကဏ္ဍ (၁၂)ခုတွင် အများဆုံး ရင်းနှီးမြှုပ်နှံထားရှိမှုမှာ လျှပ်စစ်ကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ (၂၆.၃၃%)ဖြင့် လည်းကောင်း၊ ရေနံနှင့် သဘာဝဓါတ်ငွေ့ကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ (၂၆.၂၄%) ဖြင့် လည်းကောင်း၊ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် စုစုပေါင်းရင်းနှီး မြှုပ်နှံမှု၏ (၁၄.၂၇%) ဖြင့် လည်းကောင်းရင်းနှီးမြှုပ်နှံထားပါသည်။


