
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

မော်တော်ကား အစိတ်အပိုင်း ထုတ်လုပ်သည့်ကုမ္ပဏီများအတွက် မြန်မာရင်းနှီးမြှုပ်နှံမှု ဆွေးနွေးပွဲကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ရက်တွင် ထိုင်းနိုင်ငံ၊ ရနှောင်းခရိုင်ရှိ Eastern Seaboard Industrial Estate ၌လည်းကောင်း၊ ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်ရှိ Amata City ၌ လည်းကောင်း၊ ကျင်းပပြုလုပ်ခဲ့ကြပါသည်။
အဆိုပါ ဆွေးနွေးပွဲများသို့ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိုးမြင့်အောင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့်အတူ တက်ရောက်ခဲ့ကြပါသည်။ ဆွေးနွေးပွဲများသို့ ထိုင်းနိုင်ငံရှိ မော်တော်ကား အစိတ်အပိုင်းထုတ်လုပ်သည့်ကုမ္ပဏီများမှ လုပ်ငန်းရှင်များလည်း တက်ရောက်ခဲ့ကြပါသည်။
ဆွေးနွေးပွဲ၌ DICAမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိုးမြင့်အောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ ညွှန်ကြားရေးမှူး ဒေါက်တာဝဏ္ဏအောင်က မြန်မာနိုင်ငံ၏ မော်တော်ကား အစိတ်အပိုင်းဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများကိုလည်းကောင်း၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနမှ အထွေထွေမန်နေဂျာ ဒေါ်ရီရီကျော်က မြန်မာနိုင်ငံ၏ မော်တော်ယဉ်လုပ်ငန်းဆိုင်ရာ မူဝါဒကိုလည်းကောင်း PowerPoint presentationများဖြင့် အသီးသီး ရှင်းလင်း ဆွေးနွေးခဲ့ကြပါသည်။
ထို့နောက် မြန်မာကိုယ်စားလှယ်အဖွဲ့သည် မော်တော်ကား အစိတ်အပိုင်း ထုတ်လုပ်သည့်ကုမ္ပဏီများအား မြန်မာနိုင်ငံတွင်လာရောက်ရင်းနှီးမြှုပ်နှံနိုင်မည့် အခြေအနေများနှင့် စပ်လျင်း၍ အပြန်အလှန် ဆွေးနွေးခဲ့ကြပြီး၊ ရင်းနှီးမြှုပ်နှံလိုသူများ၏ သိရှိလိုသည်များကို ပြန်လည်ဖြေကြားပေးခဲ့ပါသည်။
မြန်မာကိုယ်စားလှယ်အဖွဲ့သည် ထိုင်းနိုင်ငံသို့ရောက်ရှိနေစဉ်အတွင်း ထိုင်းနိုင်ငံရှိ မော်တော်ကား အစိတ်အပိုင်းထုတ်လုပ်သည့် စက်ရုံများသို့ သွားရောက်လေ့လာခဲ့ကြပါသည်။
