
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့် မြန်မာနိုင်ငံတွင် နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှုဖြင့် ဆောင်ရွက်နေသော စီမံကိန်းလုပ်ငန်းများ၏ ခွင့်ပြုကာလအတွင်း လုပ်ငန်းများ အကောင်အထည် ဖော်ပြီးစီးမှုများကို ကြပ်မတ်ဆောင်ရွက်နိုင်ရန်အတွက် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်ဥက္ကဋ္ဌ၊ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဇေယျာအောင်၊ ကော်မရှင် ဒုတိယဥက္ကဌ ဟိုတယ်နှင့် ခရီးသွားရေးလုပ်ငန်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်၊ ကော်မရှင် အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များသည် ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၂၉ ရက်နေ့ နံနက်ပိုင်းတွင် Yangon Aerodrome Co., Ltd. မှ အကောင်အထည်ဖော် ဆောင်ရွက်နေသော ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်အဆင့်မြင့်တင်ခြင်းလုပ်ငန်းအား သွားရောက် စစ်ဆေးကြည့်ရှု ကြပါသည်။
ရှေးဦးစွာ Yangon Aerodrome Co., Ltd. ဥက္ကဌ ဦးထွန်းမြင့်နိုင်မှ လေဆိပ် အဆောက် အဦသစ်အတွင်း Check-in Check-out ဆောင်ရွက်မည့် နေရာများစီစဉ် ထားရှိမှု၊ လေဆိပ်တွင် Traffic Management အစီအစဉ်များကို လည်းကောင်း၊ တိုးချဲ့ဆောက်လုပ်မည့် Terminal များနှင့် Cargo Terminal များ နေရာချထားမည့် အစီအစဉ်များကို လည်းကောင်း လိုက်လံ ရှင်းလင်းပြသပါသည်။
ထို့နောက် ရှင်းလင်းဆောင်အတွင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ခွင့်ပြုထားသော စီမံကိန်းလုပ်ငန်းများ၏ ဆောင်ရွက်ပြီးစီးမှု အခြေအနေများ ပို့ဆောင်ရေးဝန်ကြီးဌာနနှင့် လေဆိပ် လုပ်ငန်းများ စီမံခန့်ခွဲဆောင်ရွက်မှု၊ လွှဲပြောင်းဆောင်ရွက်နေသည့် အခြေအနေများကို ရှင်းလင်း တင်ပြပါသည်။
တည်ဆောက်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ကော်မရှင်အဖွဲ့ဝင် အသီးသီးက လိုအပ်သည့် အကြံပြုချက်များ၊ ဆက်လက် ဆောင်ရွက်မည့်ကိစ္စများအား ရှင်းလင်း ဆွေးနွေးပြီးနောက် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဌမှ လေဆိပ်ဘေးကင်းလုံခြုံမှု အစီအစဉ်များ တိုးမြှင့်စီမံ ထားရှိရန်၊ လေဆိပ်တွင် ကောက်ခံမည့် ဝန်ဆောင်ခများကို သင့်တင့်သော နှုန်းထားများဖြင့်သာ ကောက်ခံရန် လေဆိပ်သစ်အတွက် လိုအပ်သော ဝန်ဆောင်မှုများနှင့်အတူ တိုးမြှင့်လာမည့် ဝန်ထမ်း များ၊ အလုပ်သမားများအတွက် နေရာထိုင်ခင်းများ စီမံထားရှိပေးရန်၊ လေဆိပ်အဆင့်မြှင့်တင်ရေး လုပ်ငန်းကို သတ်မှတ်စံချိန် စံညွှန်းများနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်၍ အချိန်မီ ပြီးစီးအောင်ဆောင်ရွက်ရန်၊ စီမံကိန်းလုပ်ငန်းအား ဆောင်ရွက်ရာတွင် ဘေးအန္တရာယ်ကင်းရှင်းရေး ကို ဂရုပြုဆောင်ရွက်ရန်၊ မျှော်မှန်းခရီးသည်များ ပြည့်မီလာစေရေးအတွက် သက်ဆိုင်ရာ ဝန်ကြီး ဌာနမှလိုအပ်မည့် မူဝါဒများရေးဆွဲပြီး အလေးထား စီမံဆောင်ရွက်ပေးရန်၊ လေဆိပ်လုပ်ငန်းများ နှင့်အတူ တပါတည်းဆောင်ရွက်ပေးရန် လိုအပ်သော အုပ်ချုပ်ထောက်ပံ့မှု အစီအစဉ်များ ဆက်လက် ဆောင်ရွက်ရေးနှင့် ပတ်သက်၍ လမ်းညွှန်မှာကြားပါသည်။
ဆက်လက်၍ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဌနှင့် အဖွဲ့ဝင်များ သည် ရန်ကုန်မြို့ ပြည်လမ်းရှိ Daewoo Amara Company Limited မှ ကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့် ဆောင်ရွက်နေသော Daewoo Amara Hotel ဖက်စပ်လုပ်ငန်း၏ တည်ဆောက်ရေး လုပ်ငန်းခွင်သို့ သွားရောက် စစ်ဆေးရာ ကုမ္ပဏီစီမံကိန်း ဒါရိုက်တာနှင့် တာဝန်ရှိသူများက တည်ဆောက်ရေးလုပ်ငန်း တိုးတက်မှုအခြေအနေများကို ရှင်းလင်းတင်ပြပါသည်။
တင်ပြချက်များနှင့်စပ်လျဉ်း၍ ကော်မရှင်ဥက္ကဌနှင့် အဖွဲ့ဝင်များက စီမံကိန်းအား သတ်မှတ် ကာလအပြီး အကောင်အထည်ဖော်ဆောင်ရွက်ရန်၊ စီမံကိန်းလုပ်ငန်းခွင်နှင့် ဆက်စပ်တည်ရှိနေသော အင်းယားကန်အား ပတ်ဝန်းကျင် စိမ်းလန်းသာယာရေး၊ သန့်ရှင်းသပ်ရပ်ရေးကို လူမှုစီးပွား အထောက်အကူပြု လုပ်ငန်းရပ်အနေဖြင့် အလေးထား ဆောင်ရွက်ပေးရန်၊ ရန်ကုန်မြို့နေလူထု၏ နေထိုင်မှု၊ သွားလာမှုများအပေါ် စီမံကိန်းလုပ်ငန်း ဆောင်ရွက်မှုကြောင့် ထိခိုက်မှုမရှိစေရေး ကြပ်မတ် ဆောင်ရွက်ပေးရန် ဆွေးနွေးမှာကြားခဲ့ပါသည်။