
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations
ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ် ၃၅ ခုကို ခွင့်ပြု
(နေပြည်တော်၊ ဇူလိုင် ၁၇)
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၄/၂၀၂၅) ကြိမ်မြောက် အစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ရုံးအမှတ် (၅) ၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။ အဆိုပါအစည်း အဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးမြထွန်းဦးနှင့် ကော်မရှင်အဖွဲ့ဝင်များ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ဆောင်ရွက်ဆဲ လက်ရှိရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ မတည်ငွေရင်းတိုးမြှင့် ခြင်း အပါအဝင် စက်မှုကဏ္ဍနှင့် ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍမှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း အသစ် ၉ ခုကို လည်းကောင်း စက်မှု၊ ဟိုတယ်ခရီး၊ ဝန်ဆောင်မှု၊ လျှပ်စစ်၊ စိုက်ပျိုး၊ မွေးမြူရေး၊ ရေလုပ်ငန်း၊ အိမ်ရာအဆောက်အအုံ၊ သတ္တု၊ ရေနံနှင့် သဘာဝဓါတ်ငွေ့ကဏ္ဍများမှ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း အသစ် ၂၆ ခု တို့ကိုလည်ကောင်း ခွင့်ပြုပေးခဲ့ပါသည်။ အဆိုပါလုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၇၂.၈၆၅ သန်းနှင့် ကျပ် ၆၇၂၈၃၅.၂၆၅ သန်းဖြစ်ပြီး အလုပ်အကိုင် အခွင့်အလမ်းပေါင်း ၉၂၂၀ ဦးကို ဖန်တီးပေးနိုင်မည်ဖြစ်ပါသည်။
ယနေ့ အစည်းအဝေးက ခွင့်ပြုပေးသည့် လုပ်ငန်းများတွင် နိုင်ငံအတွက် အဓိကလိုအပ်သည့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းလုပ်ငန်းများ၊ စိုက်ပျိုးရေးလုပ်ငန်းနှင့် လျှပ်စစ်မော်တော်ယာဉ် ထုတ်လုပ်ခြင်းလုပ်ငန်းများအပြင် ဝန်ဆောင်မှုလုပ်ငန်းများ၊ စားသောက်ကုန်ထုတ်လုပ်ငန်းများနှင့် အလုပ်အကိုင် အခွင့်အလမ်းများစွာ ဖန်တီးပေးနိုင်မည့် အထည်ချုပ်လုပ်ငန်းတို့လည်း ပါဝင်သည်။
၂၀၂၅ ခုနှစ်၊ ဇွန်လကုန်အထိ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံထားသည့် နိုင်ငံ/ ဒေသပေါင်း ၅၃ ခု အနက် ရင်းနှီးမြှုပ်နှံမှု အများဆုံးပြုလုပ်သော နိုင်ငံ/ ဒေသများမှာ စင်ကာပူနိုင်ငံ၊ တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့ ဖြစ်ပါသည်။ စီးပွားရေးကဏ္ဍ ၁၂ ခု အနက် အများဆုံး ရင်းနှီးမြှုပ်နှံထားသည့် ကဏ္ဍများမှာ စွမ်းအင်ကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၂၈.၃၃ ရာခိုင်နှုန်းဖြင့်လည်းကောင်း၊ ရေနံနှင့် သဘာဝ ဓါတ်ငွေ့ကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၂၄.၆၈ ရာခိုင်နှုန်းဖြင့်လည်းကောင်း၊ စက်မှုကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ ၁၄.၅၄ ရာခိုင်နှုန်းဖြင့်လည်းကောင်း အသီးသီးရင်းနှီးမြှုပ်နှံထားသည်။
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်သည် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံသူများက တင်ပြလာ သည့် ရင်းနှီးမြှုပ်နှံမှုအဆိုပြုချက်များအား စိစစ်ခွင့်ပြုခြင်းကိုလည်းကောင်း၊ လက်ရှိဆောင်ရွက်ဆဲ ရင်းနှီးမြှုပ်နှံသူများအတွက် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဝန်ဆောင်မှုများကိုလည်းကောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေနှင့်အညီ ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။
