
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations
ကရင်ပြည်နယ်သည် မဟာမဲခေါင်ဒေသခွဲ အရှေ့-အနောက်စီးပွားရေးစင်္ကြံလမ်းကြောင်းပေါ်တွင် တည်ရှိပြီး သာယာလှပသော တောတောင်ရေမြေသဘာဝရှုခင်းများ၊ စက်မှုကုန်ကြမ်းနှင့် အဖိုးတန် ဓာတ်သတ္တုများပေါများစွာထွက်ရှိခြင်းတို့ကြောင့် ပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းအများ အပြားကို ဖော်ထုတ်မြှင့်တင်နိုင်ရန် ကရင်ပြည်နယ် အစိုးရအဖွဲ့နှင့် ကရင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီတို့မှ ဦးဆောင်၍ ကရင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုဖိုရမ်(၂၀၂၅)ကို ယနေ့ နံနက် ၈ နာရီက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။
ဦးစွာ ကရင်တိုင်းရင်းသားလူငယ်မောင်မယ်များက စည်းလုံးခြင်းသည်အင်အားဟု အဓိပ္ပ္ပါယ်ရရှိသော အောဟုအောဟောင် ကရင်တေးသီချင်းအား ကရင်ရိုးရာဒုံးအကဖြင့် သီဆိုကပြဖျော်ဖြေကြပြီး ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက မင်္ဂလာဖားစည်အား တီးခတ်၍ အခမ်းအနားကို ဖွင့်လှစ်ပေးသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ကရင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုဖိုရမ် ၂၀၂၅ ၏ အဓိက ဦးတည် ချက်ဖြစ်သော Smart Investor , Green Investment ; The New Age of Kayin ဟူသည့်ဖော်ပြမှုနှင့်အညီ ရင်းနှီးမြှုပ်နှံသူများမှ ဥပဒေကို လေးစားလိုက်နာ၍ တာဝန်ယူမှုတာဝန်ခံမှုရှိသော သဘာဝပတ်ဝန်းကျင် အား ရေရှည်စဉ်ဆက်မပြတ် ထိန်းသိမ်းသော၊ လူမှုပတ်ဝန်းကျင်၏ တိုးတက်ဖွံ့ဖြိုးရေးအတွက် အထောက်အကူဖြစ်သော ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို ကရင်ပြည်နယ်အတွင်း လာရောက်ဆောင်ရွက် ခြင်းဖြင့် အနာဂတ်များအား အတူလက်တွဲလျှောက်လှမ်းသွားကြရန် ဖိတ်ခေါ်ပြောကြားသည်။
ထို့နောက် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ကရင်ပြည်နယ်ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌတို့က နှုတ်ခွန်းဆက်စကားပြော ကြားပြီး ပြည်နယ်ဝန်ကြီးချုပ်က ဖိုရမ်ဖြစ် မြောက်ရေးအတွက် ကူညီပံ့ပိုးပေးကြသော ကုမ္ပဏီများကို ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ချီးမြှင့်ပေးအပ်ကာ ပြည်နယ်ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးက ကရင်ပြည်နယ်၏ ရင်းနှီးမြှုပ်နှံမှုအလားအလာ၊ လိုလားမှု၊ စိန်ခေါ်မှုနှင့် ရရှိနိုင်မည့်အခွင့်အရေးများကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ခင်းကျင်းပြသထားသော ခရီးသွား လုပ်ငန်းဖွံ့ဖြိုးမှုဆိုင်ရာ သဘာဝအလှဓာတ်ပုံပြခန်း၊ ဒေသထွက် စားသောက်ကုန်၊ လူသုံးကုန်၊ အဝတ် အထည်နှင့် တွင်းထွက်ပစ္စည်းပြခန်းများ၊ ဒေသတွင်း ထုတ်လုပ်သည့် လယ်ယာသုံး စက်ကိရိယာ ပြခန်း များကို လှည့်လည်ကြည့်ရှုအားပေးကြသည်။
အစီအစဉ်အရ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စိုက်ပျိုးမွေးမြူရေးအခြေပြု စက်မှုကဏ္ဍဆိုင်ရာ စကားဝိုင်းကိုလည်းကောင်း၊ စက်မှု၊ ဝန်ဆောင်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေး လုပ်ငန်းများအား ချိတ်ဆက်ခြင်းဆိုင်ရာ စကားဝိုင်းကိုလည်းကောင်း ပြုလုပ်ရာ လုပ်ငန်းရှင်များ၊ ဌာနဆိုင်ရာများနှင့် အသင်းအဖွဲ့များမှ တာဝန်ရှိသူများက သိရှိလိုသည်များကို ပြန်လည်ဆွေးနွေးခဲ့ကြ သည်။ ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသော ဌာနဆိုင်ရာများ၊ စီးပွားရေးလုပ်ငန်းရှင် များက ရင်းနှီးမြှုပ်နှံမှုကဏ္ဍအလိုက် တွေ့ဆုံဆွေးနွေး၍ စီးပွားရေးချိတ်ဆက်မှုများ ဆောင်ရွက်နိုင်ခဲ့ကြ သည်။ ယင်းနောက် ကရင်ပြည်နယ် စီးပွားရေးရာဝန်ကြီး ဦးစောခင်မောင်မြင့်က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။











