
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၁/၂၀၂၂) ကြိမ်မြောက် အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ရုံးအမှတ် ၁၈၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးသို့ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနှင့် ကော်မရှင်အဖွဲ့ဝင်များ တက်ရောက်ခဲ့ပါသည်။
အစည်းအဝေးမှ ဆောင်ရွက်ဆဲ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၅ ခု၏ မတည်ငွေရင်း တိုးမြှင့်ခြင်း အပါအဝင် မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍ၊ ကုန်ထုတ်လုပ်မှုကဏ္ဍ၊ သတ္တုကဏ္ဍနှင့် ဝန်ဆောင်မှုကဏ္ဍများ၌ လုပ်ငန်းသစ် ၁၀ ခုကို ခွင့်ပြုခဲ့သည်။ အဆိုပါလုပ်ငန်းများ၏ ရင်းနှီးမြုပ်နှံမှုပမာဏသည် အမေရိကန်ဒေါ်လာ ၂၄၁.၇၉ သန်းနှင့် ကျပ်သန်း ၈၀၆,၀၆၆.၅၉၅ ရှိပြီး ပြည်တွင်းလုပ်သားများအတွက် အလုပ်အကိုင် အခွင့်အလမ်းပေါင်း ၂,၆၄၆ နေရာကို ဖန်တီးပေးနိုင်မည်ဖြစ်ပါသည်။
ယခုအစည်းအဝေးမှ ခွင့်ပြုခဲ့သည့်လုပ်ငန်းများတွင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က ရင်းနှီးမြှုပ်နှံမှု ဖိတ်ခေါ်ထားသည့်ကဏ္ဍများဖြစ်သော မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍများနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းကဏ္ဍများလည်း ပါဝင်ပါသည်။
၂၀၂၁ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလအထိ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု ခွင့်ပြုမှုအနေဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁၉ ခုက စုစုပေါင်း အမေရိကန်ဒေါ်လာ ၄၇၉.၃၉၅ သန်းဖြင့် လည်းကောင်း၊ မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုအနေဖြင့် လုပ်ငန်း ၂၀ ခုက စုစုပေါင်း ကျပ် ၁,၀၄၈,၀၂၉.၂၁၅ သန်းဖြင့် လည်းကောင်းခွင့်ပြုခဲ့ပြီး အလုပ်အကိုင် အခွင့်အလမ်းပေါင်း ၁၂,၇၄၇ ခု ဖန်တီးပေးနိုင်ခဲ့ပါသည်။