
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations
(နေပြည်တော်၊ မေလ ၂၉ ရက်)
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၄/၂၀၂၆) ကြိမ်မြောက် အစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ရုံးအမှတ် (၅) ၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။ အဆိုပါအစည်းအဝေးသို့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦးနှင့် ကော်မရှင် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် လက်ရှိဆောင်ရွက်ဆဲ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ မတည်ငွေရင်းတိုးမြှင့် ခြင်းအပါအဝင် ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍမှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအသစ် ၁ ခုကို လည်းကောင်း၊ စက်မှုကဏ္ဍမှ မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအသစ် ၈ ခုကို လည်းကောင်း၊ ဟိုတယ်နှင့်ခရီးသွားကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍများမှ မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအသစ် ၃ ခု တို့ကိုလည်းကောင်း ခွင့်ပြုပေးခဲ့ပါသည်။ အဆိုပါလုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ ၄၇.၆၀၅ သန်းနှင့် ကျပ် ၂၉၉၇၇၃.၆၃၉ သန်းဖြစ်ပြီး အလုပ်အကိုင် အခွင့်အလမ်း ပေါင်း ၄,၈၇၉ ဦးကို ဖန်တီးပေးနိုင်မည်ဖြစ်ပါသည်။
ယနေ့ အစည်းအဝေးက ခွင့်ပြုပေးသည့် လုပ်ငန်းများမှာ ရေနံထုတ်လုပ်ခြင်းလုပ်ငန်း၊ အဆင့်မြင့်ဟိုတယ်နှင့် ဈေးဝယ်စင်တာလုပ်ငန်း၊ ဆိပ်ကမ်းဝန်ဆောင်မှုလုပ်ငန်း၊ တိရစ္ဆာန်အစာထုတ်လုပ်ခြင်းလုပ်ငန်း၊ ဝါစိုက်ပျိုးခြင်း၊ ဆီသန့်ထုတ်လုပ်ခြင်းနှင့် သိုးဆိတ်မွေးမြူထုတ်လုပ်ခြင်းလုပ်ငန်း၊ ဘီစကစ်ထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်း၊ ပေါင်မုန့်နှင့် မုန့်အမျိုးမျိုးထုတ်လုပ် ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်း၊ ဆေးဝါးထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်း၊ မော်တော်ဆိုင်ကယ်ကျွတ်အမျိုးမျိုးထုတ်လုပ်ခြင်းလုပ်ငန်း၊ ဆံပင်တုထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်း၊ အလူမီနီယံထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းနှင့် အလုပ်အကိုင်အခွင့်အလမ်းများစွာ ဖန်တီးပေးနိုင်မည့် အဝတ်အထည်အမျိုးမျိုးချုပ်လုပ်ခြင်းလုပ်ငန်းတို့လည်း ပါဝင်သည်။
၂၀၂၆ ခုနှစ်၊ ဧပြီလကုန်အထိ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံထားသည့် နိုင်ငံ/ ဒေသပေါင်း ၅၃ ခု အနက် ရင်းနှီးမြှုပ်နှံမှု အများဆုံးပြုလုပ်သော နိုင်ငံ/ ဒေသများမှာ စင်ကာပူနိုင်ငံ၊ တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့ ဖြစ်ပါသည်။ စီးပွားရေးကဏ္ဍ ၁၂ ခု အနက် အများဆုံးရင်းနှီးမြှုပ်နှံထားသည့် ကဏ္ဍများ မှာ လျှပ်စစ်ဓာတ်အားကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၂၈.၂၉ ရာခိုင်နှုန်းဖြင့် လည်းကောင်း၊ ရေနံနှင့် သဘာဝဓါတ်ငွေ့ကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၂၄.၆၁ ရာခိုင်နှုန်းဖြင့်လည်းကောင်း၊ စက်မှုကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၁၄.၆၈ ရာခိုင်နှုန်းဖြင့်လည်းကောင်း အသီးသီး ရင်းနှီးမြှုပ်နှံ ထားသည်။
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်သည် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံသူများက တင်ပြလာသည့် ရင်းနှီးမြှုပ်နှံမှုအဆိုပြုချက်များအား စိစစ်ခွင့်ပြုခြင်းကိုလည်းကောင်း၊ လက်ရှိဆောင်ရွက်ဆဲ ရင်းနှီးမြှုပ်နှံသူများအတွက် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာဝန်ဆောင်မှုများကိုလည်းကောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေနှင့်အညီ ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။
