
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

၂၀၂၃ ခုနှစ်၊ မေလ ၃၁ ရက်နေ့
ASEAN-Hong Kong Free Trade Agreement (AHKFTA)၏ စီးပွားရေးနှင့် နည်းပညာပူးပေါင်း ဆောင်ရွက်မှုအစီအစဉ်အရဟောင်ကောင်(တရုတ်)နှင့် CLMV အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ကိုဗစ်ကာလ အလွန် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ခြင်းမှတစ်ဆင့် စီးပွားရေး ပြန်လည်ဦးမော့လာစေရန် ရည်ရွယ်၍ ဟောင်ကောင်(တရုတ်)- စီအယ်လ်အမ်ဗွီ (CLMV) အွန်လိုင်းရင်းနှီးမြှုပ်နှံမှုဖိုရမ် (HKC-CLMV Online Investment Forum) ကို ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနက ဦးဆောင်၍ ၂၀၂၃ ခုနှစ်၊ မေလ ၃၁ ရက်နေ့ နံနက်ပိုင်းတွင် Online စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက Video Message ဖြင့် အဖွင့် အမှာစကားပြောကြားရာတွင် ယခုဖိုရမ်ကို မြန်မာနိုင်ငံက ဦးဆောင်ကျင်းပခွင့်ရသည့် အတွက် များစွာဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ အာဆီယံနှင့် ဟောင်ကောင် (တရုတ်) တို့အနေဖြင့် ရင်းနှီးမြှုပ်နှံမှုအတွက် ဆွဲဆောင်နိုင်စွမ်းရှိသည့် ဒေသများဖြစ်သည်နှင့်အညီ အခမ်းအနားမှတစ်ဆင့် ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာအခွင့်အလမ်းများသိရှိနားလည်ပြီး ပူးပေါင်းဆောင်ရွက်မှုများ ဖြစ်ထွန်းလာမည်ဟု မျှော်လင့်ကြောင်း၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများမှတစ်ဆင့် ဒေသတွင်း မဟာဗျူဟာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအား အထောက်အကူပြုစေပြီး CLMV အဖွဲ့ဝင်နိုင်ငံများ ပါဝင်မှုကို မြှင့်တင်နိုင် မည့် နည်းလမ်းများကို ဖော်ထုတ်နိုင်မည်ဟု ယုံကြည်ပါကြောင်းပြောကြားခဲ့ပါသည်။
ဖိုရမ်တွင် ဟောင်ကောင်(တရုတ်)၊ ကမ္ဘောဒီးယားနိုင်ငံ၊ လာအိုနိုင်ငံ၊ မြန်မာနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့မှ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွင့်အလမ်းများကို Video Clip များဖြင့် တင်ဆက်ပြသခဲ့ကြပါသည်။ သက်ဆိုင်ရာနိုင်ငံအသီးသီး၏ ရင်းနှီးမြှုပ်နှံမှုအေဂျင်စီများမှ တာဝန်ရှိသူများကလည်း မိမိတို့နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ၊ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ PowerPoint Presentation များဖြင့် အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။
မွန်းလွဲပိုင်းတွင် သက်ဆိုင်ရာနိုင်ငံများအလိုက် စကားဝိုင်းဆွေးနွေးပွဲများ ဆက်လက်ကျင်းပခဲ့ပြီး စီးပွားရေးပူးပေါင်းဆောင်ရွက်လိုသည့် လုပ်ငန်းစီမံကိန်းများကို တာဝန်ရှိသူများက ဆွေးနွေးတင်ပြ ကြရာ တက်ရောက်လာသည့် နိုင်ငံအသီးသီးမှ စီးပွားရေးလုပ်ငန်းရှင်များက သိရှိလိုသည်များကို ပြန်လည်ဆွေးနွေးခဲ့ကြပါသည်။ စကားဝိုင်းဆွေးနွေးပွဲတွင် ဟောင်ကောင်(တရုတ်)နှင့် CLMV အဖွဲ့ဝင် နိုင်ငံများအကြား စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုကိုဦးတည်သည့် ရင်းနှီးမြှုပ်နှံမှုများ၊ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွင့်အလမ်းများကို စိတ်ဝင်စားစွာဖြင့် အပြန် အလှန် ဆွေးနွေးခဲ့ကြပါသည်။
အဆိုပါဖိုရမ်သို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ သက်ဆိုင်ရာ ဝန်ကြီးဌာနအဖွဲ့အစည်းများမှ အဆင့်မြင့်အရာရှိကြီးများ၊ အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်များ၊ နိုင်ငံတကာသံရုံးများ၏ ကိုယ်စားလှယ်များ၊ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး အေဂျင်စီ အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ ပြည်တွင်းပြည်ပ ကုန်သည်စက်မှုအသင်းများ၊ စီးပွားရေးအသင်း အဖွဲ့များ၊ ရင်းနှီးမြှုပ်နှံသူ လုပ်ငန်းရှင်များစုစုပေါင်း (၂၀၀)ဦးခန့် တက်ရောက်ခဲ့ပါသည်။
ယခုဖိုရမ်သည် နိုင်ငံအသီးသီးမှ တက်ရောက်ကြသည့် ရင်းနှီးမြှုပ်နှံသူများနှင့် စွန့်ဦးတီထွင် လုပ်ငန်းရှင် များအကြား ရင်းနှီးမြှုပ်နှံမှုဆိုင်ရာအခွင့်အလမ်းများ၊ ပူးပေါင်းဆောင်ရွက်မှုများနှင့် စီးပွားရေးချိတ် ဆက်မှုရရှိခဲ့ကြပြီး CLMV နိုင်ငံများမှ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အဖွဲ့အစည်းများအကြားလည်း ချိတ်ဆက်မှုများ တိုးမြှင့်နိုင်ခဲ့ပါသည်။