
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

(၂၀၂၁ ခုနှစ်၊ မတ်လ ၂၄ ရက်)
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ကို ၂၀၂၁ ခုနှစ် မတ်လ ၄ ရက်နေ့တွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့်ကြော်ငြာစာ အမှတ် ၃၀/၂၀၂၁ အရ အဖွဲ့ဝင် ၉ ဦးဖြင့် ပြင်ဆင် ဖွဲ့စည်းခဲ့ပါသည်။
ကော်မရှင်၏ ပထမအကြိမ် အစည်းအဝေးဖြစ်သည့် (၂/၂၀၂၁) ကြိမ်မြောက် အစည်း အဝေးကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော် ရုံးအမှတ် ၁၈၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အုပ်ချုပ်မှုရုံး၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။ အဆိုပါ အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကော်စီ အဖွဲ့ဝင်၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းနှင့် ကော်မရှင် အဖွဲ့ဝင်များ စုံလင်စွာ တက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေးတွင် ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်း၊ ကုန်ထုတ်လုပ်မှုလုပ်ငန်း၊ ဟိုတယ်ဝန်ဆောင်မှု လုပ်ငန်းနှင့် လျှပ်စစ်ဓါတ်အားထုတ်လုပ်ခြင်းလုပ်ငန်း စသည့် လုပ်ငန်းသစ် (၁၀)ခုကို ခွင့်ပြုခဲ့သည်။ အဆိုပါ လုပ်ငန်းများ၏ ရင်းနှီးမြုပ်နှံမှု ပမာဏသည် အမေရိကန်ဒေါ်လာ (၅၇၉.၀၁၉) သန်းနှင့် ကျပ် (၃၆.၇၈၁) ဘီလီယံ ရှိပြီး ပြည်တွင်းလုပ်သားများအတွက် အလုပ်အကိုင် အခွင့်အလမ်းပေါင်း (၉၄၅) နေရာကို ဖန်တီး ပေးနိုင်မည် ဖြစ်ပါသည်။
ယခုအစည်းအဝေးတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဆောင်ရွက်ခွင့်ပြုနိုင်ရေးအတွက် တိုင်းဒေသကြီးနှင့်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီများကို လည်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့်အညီ ပြန်လည် ဖွဲ့စည်းပေးခဲ့ပါသည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကုန်အထိ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံထားသည့် နိုင်ငံ/ ဒေသ ပေါင်း ၅၁ ခုအနက် ရင်းနှီးမြှုပ်နှံမှုအများဆုံးပြုလုပ်သော နိုင်ငံများမှာ စင်ကာပူနိုင်ငံ၊ တရုတ် ပြည်သူ့ သမ္မတနိုင်ငံနှင့် ထိုင်းနိုင်ငံတို့ ဖြစ်ပြီး စီးပွားရေးကဏ္ဍ ၁၂ ခုအနက် အများဆုံး ရင်းနှီးမြှုပ်နှံ ထားသည့် ကဏ္ဍများမှာ လျှပ်စစ်ကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ ၂၆.၁၆ ရာခိုင်နှုန်းဖြင့် လည်းကောင်း၊ ရေနံနှင့် သဘာဝဓါတ်ငွေ့ကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ ၂၅.၈၉ ရာခိုင်နှုန်းဖြင့် လည်းကောင်း၊ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ ၁၄.၆၉ ရာခိုင်နှုန်းဖြင့် လည်းကောင်း ရင်းနှီးမြှုပ်နှံထားကြပါသည်။


