
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

(ရန်ကုန်၊ မေ ၈)
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန်းအောင်ကျော်သည် ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်မှုကောင်စီ အဖွဲ့ဝင် (၃) ဦးအောင်သန်းဦးနှင့်အတူ ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက် ၂၀၂၁ ခုနှစ် မေလ ၈ ရက်နေ့ မနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ရွှေပြည်သာနှင့် လှိုင်သာယာမြို့နယ်များရှိ မီးလောင်ကျွမ်းခဲ့သည့် စက်ရုံများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ပါသည်။
ရှေးဦးစွာ ဒုတိယဝန်ကြီးက စက်ရုံများ ပြန်လည်လည်ပတ်ရေးအတွက် စက်ပစ္စည်း ကိရိယာများ တင်သွင်းရေး၊ အာမခံထားရှိသောစက်ရုံများ အာမခံလျော်ကြေး ရရှိရေး၊ အလုပ်သမားများ လူမှုဖူလုံရေးခံစားခွင့်များ ရရှိရေး၊ ရင်းနှီးမြှုပ်နှံသူများနှင့် ပညာရှင်များ ပြည်ဝင်ခွင့်ဗီဇာ ရရှိရေးကိစ္စရပ်များ အပါအဝင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေ၊ နည်းဥပဒေများ နှင့်အညီ ကူညီဆောင်ရွက်ပေးသွားမည့် အခြေအနေများ၊ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ ပိုမိုလွယ်ကူချောမွေ့စွာ ဆောင်ရွက်နိုင်ရေးကိစ္စရပ်များကို ဆွေးနွေးပြောကြား ခဲ့ပါသည်။
ထို့နောက် တက်ရောက်လာကြသည့် လုပ်ငန်းရှင်များက လတ်တလော တွေ့ကြုံနေရသည့် အခက်အခဲများ၊ အလုပ်သမားဆိုင်ရာကိစ္စရပ်များ၊ ငွေကြေးဆိုင်ရာ ကိစ္စရပ်များ၊ အစိုးရဌာနများအနေဖြင့် ကူညီပံ့ပိုးဆောင်ရွက်ပေးစေလိုသည့် ကိစ္စရပ်များကို တင်ပြခဲ့ကြရာ ဒုတိယဝန်ကြီးက သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ် ညှိနှိုင်းဆွေးနွေးပေးခဲ့ ပါသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်မှုကောင်စီ အဖွဲ့ဝင် (၃) နှင့်အတူ ယင်းနေ့ နေ့လယ်ပိုင်း၌ အမှတ် (၁) သစ္စာလမ်း၊ ရန်ကင်းမြို့နယ်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနတွင် ရင်းနှီးမြှုပ်နှံမှုနှင့် ဆက်စပ်လျက်ရှိသော သယ်ယူပို့ဆောင်ရေး လုပ်ငန်းများ လျင်မြန်ချောမွေ့စေရေးအတွက် မြန်မာ့ဆိပ်ကမ်းအာဏာပိုင် နှင့် မြန်မာ့ကုန်သွယ်ရေကြောင်းဆိုင်ရာ လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ အဆိုပါ တွေ့ဆုံမှုတွင် ကွန်တိန်နာငှားရမ်းစရိတ် မြင့်တက်နေခြင်း ကိစ္စရပ်များ၊ ကွန်တိန်နာ သင်္ဘောများ ယခင်ကကဲ့သို့ ပုံမှန် ဝင်ရောက်နိုင်ရေးနှင့် ပို့ကုန်အတွက်လိုအပ်သည့် ကွန်တိန်နာအလွတ်များ လုံလုံလောက် လောက်ရရှိရေး ကိစ္စရပ်များအား ဆွေးနွေးခဲ့ပါသည်။
ညှိနှိုင်းတွေ့ဆုံပွဲသို့ မြန်မာ့ကုန်သွယ်ရေကြောင်းဆိုင်ရာ လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အသင်းမှ တာဝန်ရှိသူများ၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ တက်ရောက်ခဲ့ကြပါသည်။

