
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

(နေပြည်တော်၊ မေ ၇ )
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၃/၂၀၂၁) ကြိမ်မြောက် အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ရုံးအမှတ်၁၈၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အုပ်ချုပ်မှုရုံး၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးသို့ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နှင့် ကော်မရှင်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေးတွင် ဆောင်ရွက်ဆဲရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၂ ခု၏ မတည်ငွေရင်း တိုးမြှင့်ခြင်း အပါအဝင် လျှပ်စစ်ကဏ္ဍ၊ မွေးမြူရေးကဏ္ဍ၊ စက်မှုကဏ္ဍနှင့် ဝန်ဆောင်မှု ကဏ္ဍများတွင် လုပ်ငန်းသစ် ၁၅ ခု ကို ခွင့်ပြုခဲ့သည်။ အဆိုပါလုပ်ငန်းများ၏ ရင်းနှီးမြုပ်နှံမှု ပမာဏသည် အမေရိကန်ဒေါ်လာ ၂၇၈၃.၈၂၂ သန်း နှင့် ကျပ် ၁၅.၃၆၇ ဘီလီယံ ရှိပြီး ပြည်တွင်းလုပ်သားများအတွက် အလုပ်အကိုင် အခွင့်အလမ်းပေါင်း ၂၄၇၃ နေရာကို ဖန်တီး ပေးနိုင်မည် ဖြစ်ပါသည်။
ယနေ့ခွင့်ပြုပေးသည့် လုပ်ငန်းများတွင် အမေရိကန်ဒေါ်လာ ၂.၅ ဘီလီယံခန့် ရှိ ရင်းနှီးမြှုပ်နှံမှုပမာဏ ကြီးမားသည့် LNG သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်း လုပ်ငန်း လည်း တစ်ခု အပါအဝင် ဖြစ်ပါသည်။ အဆိုပါ လျှပ်စစ်ဓာတ်အား ထုတ်လုပ်သည့် လုပ်ငန်းမှ ထွက်ရှိသည့် ဓာတ်အားများကို ပြည်တွင်းသို့ ရာနှုန်းပြည့် ရောင်းချသွားမည် ဖြစ်သည့် အတွက် ၂၀၃၀ ပြည့်နှစ်တွင် နိုင်ငံတော် ဓာတ်အားစနစ်မှ တစ်နိုင်ငံလုံး ရာနှုန်းပြည့် လျှပ်စစ်ဓာတ်အား သုံးစွဲနိုင်ရေး ဦးတည်ချက်အား အထောက်အကူပြုနိုင်မည် ဖြစ်ပါသည်။
၂၀၂၁ ခုနှစ် ဧပြီလကုန်အထိ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံထားသည့် နိုင်ငံ/ ဒေသပေါင်း ၅၁ ခု အနက် ရင်းနှီးမြှုပ်နှံမှုအများဆုံး ပြုလုပ်သော နိုင်ငံများမှာ စင်ကာပူနိုင်ငံ၊ တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့ ဖြစ်ပြီး စီးပွားရေးကဏ္ဍ ၁၂ ခု အနက် အများဆုံး ရင်းနှီးမြှုပ်နှံထားသည့် ကဏ္ဍများမှာ လျှပ်စစ်ကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ ၂၆.၅၇ ရာခိုင်နှုန်းဖြင့် လည်းကောင်း၊ ရေနံနှင့်သဘာဝဓါတ်ငွေ့ကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၂၅.၇၂ ရာခိုင်နှုန်းဖြင့် လည်းကောင်း၊ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၁၄.၆၁ ရာခိုင်နှုန်းဖြင့်လည်းကောင်း ရင်းနှီးမြှုပ်နှံထားကြပါသည်။

