ဘာကြောင့်ရင်းနှီးမြှုပ်နှံမလဲ?

ဘာကြောင့်ရင်းနှီးမြှုပ်နှံမလဲ?

စီးပွားရေးဖွံ့ဖြိုးမှုနှုန်း

မြန်မာနိုင်ငံ၏ စီးပွားရေးသည် ၂၀၁၂ ခုနှစ်မှ စတင်၍ ၆ ရာခိုင်နှုန်းမှ ၈ရာခိုင်နှုန်းခန့်ဖြင့် တိုးတက်လျက် ရှိပါသည်။ မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာသည် စက်မှုလက်မှု ၊ စိုက်ပျိုးရေးနှင့် အခြေခံ အဆောက်အဦ ကဏ္ဍများ တစ်ပြိုင်နက်တည်း ခေတ်မီဖွံ့ဖြိုး တိုးတက်စေရန် ၊ အခြေခံပို့ကုန် အမျိုးအစား အမျိုးမျိုးနှင့် ပြည်တွင်းပြည်ပ ဈေးကွက်များ သို့ တန်ဖိုးမြှင့် ထုတ်ကုန်များ တိုးချဲ့တင်ပို့ရန် စသည့် မူဝါဒများအပေါ် အခြေခံ၍ ရေးဆွဲ ထားပါသည်။

စီးပွားရေး ဖွံ့ဖြိုးမှုနှုန်းကို အားပေးမြှင့်တင်ရန်အတွက် အထူးစီးပွားရေးဇုန်များ ဖြစ်သည့် သီလဝါ၊ ကျောက်ဖြူနှင့် ထားဝယ်တို့ကိုလည်း မြန်မာနိုင်ငံ အစိုးရအနေဖြင့် တည်ထောင် ခဲ့ပြီး ဖြစ်ပါသည်။ အဆိုပါ အထူးစီးပွားရေးဇုန်များမှ ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ အထူး အခွင့်အရေးများ ပေးခြင်း၊ ရင်းနှီးမြှုပ်နှံသူများအတွက် လုပ်ထုံးလုပ်နည်းများကို ပိုမိုလွယ်ကူ စေရန် ဆောင်ရွက်ခြင်းနှင့် နိုင်ငံတကာ စံချိန်စံညွှန်းများနှင့် ကိုက်ညီသည့် စက်မှုလက်မှု အထောက်အကူပြုမှုများသည် ဖွံဖြိုးလာမည့် မြန်မာနိုင်ငံအတွက် အဓိကမောင်းနှင်အား ဖြစ်လာမည် ဖြစ်ပါသည်။

တည်နေရာနှင့် ဆက်သွယ်မှုလမ်းကြောင်းများ

မြန်မာနိုင်ငံသည် အရှေ့တောင်အာရှကုန်းမြေတွင် အကြီးဆုံးနိုင်ငံဖြစ်ပြီး လူဦးရေ သန်း (၅၀) ကျော်ရှိသည့် ပြည်တွင်းစျေးကွက်ရှိသည့်အပြင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အိန္ဒိယ နိုင်ငံ၊ အာဆီယံဈေးကွက်နှင့် ဘင်္ဂလားပင်လယ်အော်နှင့် မုတ္တမပင်လယ်ကွေ့ တလျှောက်ရှိ ဆိပ်ကမ်း များမှ တဆင့် နိုင်ငံတကာစျေးကွက်များသို့ ဝင်ရောက်နိုင်ပါသည်။

ဆယ်စုနှစ်များကြာအောင် နိုင်ငံတကာ အသိုက်အဝန်းနှင့် ကင်းကွာခဲ့ခြင်းသည် အခြေခံ အဆောက်အဦ ကွန်ယက်များကို ခေတ်မီစွာ တိုးချဲ့တည်ဆောက်မှုကို အဟန့်အတား ဖြစ်စေခဲ့ပါသည်။ ယခုအခါ အစိုးရသည် အနာဂါတ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ထိရောက်သော ပြည်တွင်းနှင့် နိုင်ငံတကာ ထောက်ပံ့ရေးကွင်းဆက်များ တည်ထောင်ခြင်း (အထူးသဖြင့် စွမ်းအင် အခြေခံအဆောက်အအုံ၊ လမ်း၊ ရထား၊ လေကြောင်းနှင့် ဆိပ်ကမ်း)ကို ဦးစားပေးဆောင်ရွက်လျက် ရှိပါသည်။

အစိုးရ၏ပြုပြင်ပြောင်းလဲမှုများ

မြန်မာနိုင်ငံသည် ဒီမိုကရေစီပြည့်ဝပြီးငြိမ်းချမ်းသည့် နိုင်ငံသစ် တည်ဆောက်ရေး အတွက် အခြေခံကျသည့် နိုင်ငံရေးနှင့်စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်လျက် ရှိပါသည်။ ဆင်းရဲနွမ်းပါးမှုကို လျှော့ချရန်အတွက် နိုင်ငံတကာ၏ အကောင်းဆုံးကျင့်သုံး ဆောင်ရွက်မှုများကို အခြေခံကာ နိုင်ငံ၏ ရေရှည်တည်တံ့သည့် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု မူဝါဒလမ်းကြောင်းများကို ဖော်ထုတ်ရန် အမျိုးသားဘက်စုံ ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းကို ချမှတ်ရေးဆွဲခဲ့ပါသည်။ ဖွံ့ဖြိုးမှုအနည်းဆုံး နိုင်ငံတစ်ခုဖြစ်သည်နှင့်အညီ အဓိက အပြည်ပြည်ဆိုင်ရာစျေးကွက်များသို့ မြန်မာနိုင်ငံမှ ရယူနိုင်ရေးအတွက် လွယ်ကူ ချောမွေ့ စေရန် အခွန်ဆိုင်ရာ ဦးစားပေး အစီအစဉ်များလည်း ချမှတ်ထားရှိပြီး ဖြစ်ပါသည်။

နိုင်ငံတော်အစိုးရသည် ရင်းနှီးမြှုပ်နှံမှုများအား ပြည်သူများနှင့်သဘာဝ ပတ်ဝန်းကျင်တို့ အပေါ် အကျိုးသက်ရောက်မှုကောင်းများ ရှိစေသည့် ရင်းနှီးမြှုပ်နှံမှုများကို အားပေး မြှင့်တင်ခြင်းအား ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ ပြည်သူများ၏ လူနေမှုဘဝများ၊ သဘာဝပတ်ဝန်းကျင်နှင့် ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေးလုပ်ငန်းစဉ်များ အပေါ် ဆိုးကျိုးများ မဖြစ်ပေါ်စေရန်အတွက် အချို့သော ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကို တားမြစ်ခြင်း သို့မဟုတ် ကန့်သတ်ခြင်း သို့မဟုတ် သီးသန့် အတည်ပြုချက်များ ရယူရန် လိုအပ်ခြင်း၊ လိုအပ်သည့်လုပ်ထုံး လုပ်နည်းများ ဆောင်ရွက်ရန်လိုအပ်ခြင်း၊ ဖက်စပ် လုပ်ကိုင်ရန် လိုအပ်ခြင်း သို့မဟုတ် သဘာဝပတ်ဝန်းကျင်နှင့် လူမှုစီးပွား ထိခိုက်မှု ဆန်းစစ် လေ့လာချက်များ လိုအပ်ခြင်းတို့ကို သတ်မှတ်ပြဌာန်းထားပါသည်။

လူ့အဖွဲ့အစည်းနှင့် ယဉ်ကျေးမှု

မြန်မာနိုင်ငံသည် သဘာဝ အရင်းအမြစ်များနှင့် စိုက်ပျိုးမြေများ ပေါကြွယ်ဝရုံသာမက အထူးသဖြင့် ကျွမ်းကျင်မှုရှိပြီး သွက်လက်တက်ကြွသည့် လူငယ်များလည်း များစွာရှိပါသည်။ လွန်ခဲ့သည့်နှစ်များတွင် ဆောင်ရွက်ခဲ့သည့် နိုင်ငံရေးနှင့် စီးပွားရေး ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်များတွင်လည်း မြန်မာပြည်သူများ၏ ပြောင်းလဲနိုင်မှု မောင်းနှင်စွမ်းအားကို ပြသခဲ့ပြီး ဖြစ်ပါသည်။

ထို့အပြင် မြန်မာ ပြည်သူများသည် အခွင့်အလမ်းသစ်များနှင့် နည်းပညာသစ်များ (ဒီဂျစ်တယ် ဖြတ်​ေျော်နိုင်စွမ်း) ကို အသုံးပြုရန် အတွက် လိုက်လျောညီထွေဖြစ်စေရန် ပြောင်းလွယ် ပြင်လွယ်ရှိကြပါသကဲ့သို့ ဝန်ထမ်းများနှင့် စွန့်ဦး တီထွင်လုပ်ငန်းရှင်များအဖြစ် လုပ်ငန်းခွင် လေ့လာမှုများမှ ကျွမ်းကျင်မှုအသစ်များနှင့် အရည်အသွေးများကိုလည်း လေ့လာစည်းပူး ကြပါသည်။

အထူးသဖြင့် ရန်ကုန်မြို့နှင့် မြန်မာနိုင်ငံရှိ အခြားမြို့ပြနေရာများတွင် မသမရိုးကျလူမှုဘဝနှင့် ခေတ်မီလူမှု စနစ်တို့ အချိုးကျကျရောပြွမ်းနေပြီး မြန်မာလူ့အဖွဲ့အစည်းသည် ပွင့်လင်း နွေးထွေးပြီး နိုင်ငံခြား ယဉ်ကျေးမှုများကိုလည်း လက်ခံနိုင်ကြပါသည်။

Show Sidebar Menu: 

1