အမေရိကန်-အာဆီယံ စီးပွားရေးကောင်စီ ဦးဆောင်သော အမေရိကန် ထိပ်သီးကုမ္ပဏီများ ပါဝင်သည့်အဖွဲ့ မြန်မာနိုင်ငံသို့ လာရောက် (၂၀၁၉ ခုနှစ် စက်တင်ဘာလ ၃၀ ရက်)

အမေရိကန်-အာဆီယံ စီးပွားရေးကောင်စီ ဦးဆောင်သော အမေရိကန် ထိပ်သီးကုမ္ပဏီများ ပါဝင်သည့်အဖွဲ့ မြန်မာနိုင်ငံသို့ လာရောက် (၂၀၁၉ ခုနှစ် စက်တင်ဘာလ ၃၀ ရက်)

Posted on 01 October 2019

၂၀၁၉ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့မှ အောက်တိုဘာလ ၃ ရက်နေ့ထိ မြန်မာနိုင်ငံသို့ စီးပွားရေးမစ်ရှင် လာရောက်လျက်ရှိသည့် အမေရိကန်-အာဆီယံစီးပွားရေး ကောင်စီ မှ Senior Vice President and Regional Managing Director ဖြစ်သူ Mr. Michael W. Michalak ဦးဆောင်သော အမေရိကန် ထိပ်သီးကုမ္ပဏီများမှ စီးပွားရေး လုပ်ငန်းရှင်များ ပါဝင်သည့်အဖွဲ့သည် ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနသို့ လာရောက်ခဲ့ကြပါသည်။

အဆိုပါအဖွဲ့ကို ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်မှ လက်ခံတွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံစဉ် ရင်းနှီးမြှုပ်နှံမှုနှင့်စပ်လျဉ်းသည့် အခွန်နှင့် ဘဏ္ဍာရေးဆိုင်ရာ မူဝါဒများ၊ တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှု၊ နည်းပညာအကူအညီပေးရေးဆိုင်ရာ ကိစ္စရပ်များနှင့် လုပ်ငန်းချဲ့ထွင်နိုင်ရေး ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ မေးမြန်းဆွေးနွေးခဲ့ကြပါသည်။

 

အဆိုပါအဖွဲ့တွင် အမေရိကန် ထိပ်သီးကုမ္ပဏီများဖြစ်ကြသည့် Abbott, Amazon, Bower Group Asia, Chevron, Chubb, Coca-Cola, Ford, Diageo, Google, Jhpiego, Mastercard နှင့် Visa စသည့် ကိုယ်စားလှယ်များပါဝင်ပြီး စုစုပေါင်း (၃၀) ဦးခန့် တက်ရောက်ခဲ့ကြပါသည်။

၂၀၁၉ ခုနှစ် ဩဂုတ်လအထိ မြန်မာနိုင်ငံအတွင်းသို့ ရင်းနှီးမြှုပ်နှံလျက်ရှိသည့် နိုင်ငံအလိုက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုစာရင်းများအရ အမေရိကန်နိုင်ငံသည် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းပေါင်း (၂၀) ခု၊ ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၄၃၂.၇၉၆ သန်းဖြင့် အဆင့် (၁၃) နေရာတွင် ရပ်တည်လျက်ရှိပါသည်။