ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို သွားရောက်ကြည့်ရှုအားပေး

ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို သွားရောက်ကြည့်ရှုအားပေး

Posted on 11 December 2021

(မန္တလေး၊ ဒီဇင်ဘာလ ၁၀)

          ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် ၂၀၂၁ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့ နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ်ရှိ  မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့် ရာနှုန်းပြည့်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းဖြစ်သောNew Hope(Myanmar)Company Limited ၏ တိရိစ္ဆာန်အစာများ ထုတ်လုပ်ခြင်းနှင့် ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို သွားရောက်ကြည့်ရှု အားပေးခဲ့ရာ ကုမ္ပဏီ၏ Managing Director Mr. Zhao HuaRong က လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများ၊ တွေ့ကြုံနေရသည့် အခက်အခဲများနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများကိုရှင်းလင်းတင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးက ကုန်ထုတ်လုပ်မှုမြှင့်တင်ရေးအတွက်  လုပ်ငန်းဆိုင်ရာအခက်အခဲများကို ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးပေးခဲ့ပါသည်။

          ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် စဉ့်ကိုင်မြို့နယ်၊ မြောက်ကိုင်းကျေးရွာအုပ်စုရှိ  မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ဖြစ်သော နို့၊ ပဲနို့၊ အချိုရည်အမျိုးမျိုးနှင့် ရေသန့် ထုတ်လုပ်ဖြန့်ဖြူး ရောင်းချခြင်းလုပ်ငန်း ဆောင်ရွက်နေသည့် Europe & Asia Beverages Company Limited သို့ရောက်ရှိခဲ့ရာ ကုမ္ပဏီ ၏ Executive Director ဉီးဇော်ထွန်းနိုင်က စက်ရုံလုပ်ငန်းလည်ပတ်နေမှုအခြေအနေများ၊ ပြည်တွင်းထုတ်လုပ်မှုမြှင့်တင်ရေး၊ ဈေးကွက်တိုးချဲ့ရရှိရေး၊ လုပ်ငန်းတိုးချဲ့ဆောင်ရွက်သွားမည့် ကိစ္စတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့တင်ပြခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းနှင့် စပ်လျဉ်း၍ လိုအပ်သည်များ အကြံပြုညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး စက်ရုံအတွင်း လှည့်လည်ကြည့်ရှု အားပေးခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည်  အမရပူရမြို့နယ်၊ ကမ္ဘဲကျေးရွာအုပ်စုနှင့် ရေကြည်ပေါက်ကျေးရွာအုပ်စုရှိ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့် ဖက်စပ် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းဖြစ်သော မော်တော်ဆိုင်ကယ်နှင့် ဆိုင်ကယ်အပိုပစ္စည်းများ တပ်ဆင်ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်းဆောင်ရွက်နေသော Aung Kan Bo Motorcycle Industrial Company Limited သို့ရောက်ရှိခဲ့ပါသည်။  ထိုသို့ရောက်ရှိစဉ် ကုမ္ပဏီ၏ Managing Director ဉီးကျော်ကျော်မင်းက လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေ၊ အရည်အသွေးမြင့် ပစ္စည်း များထုတ်လုပ်နိုင်ရေးအတွက် ဆောင်ရွက်နေမှု အခြေအနေနှင့် လက်ရှိတွေ့ကြုံနေရသည့် အခက်အခဲများကို ရှင်းလင်းတင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းဆိုင်ရာ အခက်အခဲ များကို ညှိနှိုင်းပေါင်းစပ်ဆွေးနွေးပေးခဲ့ပြီး စက်ရုံအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။