Mandalay International Trade Fair & Investment Forum 2023 တွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးသန့်စင်လွင်က Panellist အဖြစ်တက်ရောက်ဆွေးနွေး

Mandalay International Trade Fair & Investment Forum 2023 တွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးသန့်စင်လွင်က Panellist အဖြစ်တက်ရောက်ဆွေးနွေး

Posted on 21 December 2023

(၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်)

Mandalay International Trade Fair & Investment Forum 2023 ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် Mandalay Convention Center ၌ ကျင်းပသည်။ အဆိုပါ ဖိုရမ်ကို ပြည်တွင်း ပြည်ပ စီးပွားရေးလုပ်ငန်းရှင်များ၊ ကုမ္ပဏီများအချင်းချင်း ချိတ်ဆက်ပေးနိုင်ခြင်းဖြင့် ရင်းနှီးမြှုပ်နှံမှု များ ဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် မန္တလေးတိုင်းဒေသကြီး၏ စီးပွားရေးအလားအလာများ သိသာ ပေါ်လွင်ပြီး အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ခြင်းဖြစ်သည်။

အခမ်းအနားသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာကံဇော်၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးထွန်းအုံ၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံအခြေစိုက်သံရုံးများမှ သံအမတ်ကြီးများနှင့် သံတမန်များ၊ UMFCCI, MRCCI, ယူနန်၊ တက်ဟုန်း၊ ဟူနန် ကုန်သည်ကြီးများ အသင်းတို့မှ ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာဌာနများနှင့် အသင်းအဖွဲ့များမှ ဖိတ်ကြားထားသူများ၊ စီးပွားရေး လုပ်ငန်းရှင်များနှင့် ဧည့်ပရိသတ်များ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒေါက်တာကံဇော်၊ ဦးထွန်းအုံနှင့် တာဝန်ရှိသူ များက Mandalay International Trade Fair & Investment Forum 2023 ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး ပြခန်းများကို လှည့်လည်ကြည့်ရှုအားပေးကြသည်။ ထို့နောက် ဖိုရမ်ကို ဆက်လက် ကျင်းပရာ ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အမှာစကား များ အသီးသီးပြောကြားကြပြီး၊ မန္တလေးတိုင်းဒေသကြီးအတွင်း စီးပွားရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု အတွက် နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးခြင်းများကို ဆက်လက်ဆောင်ရွက်ကြသည်။

မွန်းလွဲပိုင်းတွင် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ရှင်းလင်းတင်ပြချက်များနှင့် စကားဝိုင်း ဆွေးနွေးပွဲများကို ဆက်လက်ကျင်းပရာ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမင်းဇော်ဦးက “A guide to Myanmar Investment Landscape” ခေါင်းစဉ်ကို powerpoint presentation ဖြင့် ဆွေးနွေးပြောကြားသည်။

ထို့နောက် “မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု အလားအလာနှင့် စိုက်ပျိုးမွေးမြူရေးကဏ္ဍ” စကားဝိုင်း ဆွေးနွေးပွဲတွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်က Panellist အဖြစ် ပါဝင်ဆွေးနွေးခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုအလားအလာများနှင့် အခွင့်အလမ်းများ၊ ရင်းနှီးမြှုပ်နှံမှု လွယ်ကူချောမွေ့စေရေးဆိုင်ရာ ကိစ္စရပ်များနှင့် စိုက်ပျိုးမွေးမြူရေး ဆိုင်ရာ ရင်းနှီးမြုပ်နှံမှု အခြေအနေများကို အကျယ်တဝင့်‌ ဆွေးနွေးခဲ့သည်။

Mandalay International Trade Fair & Investment Forum 2023 ကို ဒီဇင်ဘာလ ၂၀ ရက်နေ့မှ ၂၂ ရက်နေ့အထိ ကျင်းပမည် ဖြစ်ကြောင်း သိရှိရသည်။