ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဦးစီးမှူးရုံး ဖွင့်လှစ်ခြင်း

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဦးစီးမှူးရုံး ဖွင့်လှစ်ခြင်း

Posted on 14 March 2016

စစ်ကိုင်းတိုင်းဒေသကြီး၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ကြိုးပမ်းဆောင်ရွက်ရာတွင် ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ဖိတ်ခေါ်ဆောင်ရွက်ခြင်း၊ ကုမ္ပဏီဖွဲ့စည်း ထူထောင် မှတ်ပုံတင်ခြင်း၊ ယင်းနှင့် ဆက်စပ်သည့်လုပ်ငန်းများ ဆောင်ရွက်ရာတွင် လွယ်ကူ ချောမွေ့စွာ ဆောင်ရွက်နိုင်ရေးကို ရည်ရွယ်၍ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ အစီအစဉ်ဖြင့် အမျိုးသား စီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီး ဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး တိုင်းဦးစီးမှူးရုံးဖွင့်ပွဲနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခြေအနေများ၊ လုပ်ထုံးလုပ်နည်းများ ရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားကို ၂၀၁၆ ခုနှစ် မတ်လ ၁၄ ရက်နေ့တွင် မုံရွာမြို့၌ ကျင်းပခဲ့ပါသည်။

          ဖွင့်ပွဲအခမ်းအနားသို့  အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးသာအေးနှင့် အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်၊ စာရင်းစစ်ချုပ်၊ ဥပဒေချုပ်၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် ဌာနတာဝန်ရှိသူများ၊ တိုင်းဒေသကြီး ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ကုန်သည်အသင်းအဖွဲ့များမှ တာဝန်ရှိသူများနှင့် ဖိတ်ကြား ထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။

ဖွင့်ပွဲအခမ်းအနားတွင် တိုင်းဦးစီးမှူးရုံးအား တိုင်းဒေသကြီး စီမံကိန်းနှင့် စီးပွားရေး ဝန်ကြီး ဦးစိန်မောင်းနှင့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးသာအေးမှ တိုင်းဦးစီးမှူးရုံး ဆိုင်းဘုတ်အား စက်ခလုပ်နှိတ် ဖွင့်လှစ်ပေးခဲ့ပါသည်။

          ဆက်လက်၍ “ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခြေအနေများနှင့် လုပ်ထုံးလုပ်နည်းများ ရှင်းလင်း ဆွေးနွေးခြင်း အခမ်းအနား”ကို Win Unity Resort Hotel ၌ ကျင်းပပြုလုပ်ခဲ့ရာ အမျိုးသား စီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်နှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသာအေးတို့က အမှာစကား ပြောကြားကာ စစ်ကိုင်းတိုင်းဒေသကြီး ဦးစီးမှူးရုံးတွင် ပထမဦးဆုံးမှတ်ပုံတင်သည့် Smooth Cover Co., Ltd. အား စစ်ကိုင်းတိုင်း ဒေသကြီး ဝန်ကြီးချုပ်မှ ကုမ္ပဏီမှတ်ပုံတင်လက်မှတ် ပေးအပ်ခဲ့ပါသည်။

        ထို့နောက် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးမှ စစ်ကိုင်းတိုင်းဒေသကြီး၏ ရင်းနှီးမြှုပ်နှံမှုအခြေအနေများနှင့် အလားအလာများကို လည်းကောင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော်မှ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီ တည်ထောင်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို လည်းကောင်း ရှင်းလင်း ဆွေးနွေးခဲ့ကြရာ တက်ရောက်လာကြသည့် လုပ်ငန်းရှင်များမှ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြပါသည်။