မြန်မာ- ဂျပန် ကနဦးပူးပေါင်းဆောင်ရွက်မှုအပိုင်း(၂) အရ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးဆိုင်ရာလုပ်ငန်းအဖွဲ့၏ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေ(မူကြမ်း)ဆိုင်ရာဆွေးနွေးပွဲကျင်းပခြင်း

မြန်မာ- ဂျပန် ကနဦးပူးပေါင်းဆောင်ရွက်မှုအပိုင်း(၂) အရ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးဆိုင်ရာလုပ်ငန်းအဖွဲ့၏ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေ(မူကြမ်း)ဆိုင်ရာဆွေးနွေးပွဲကျင်းပခြင်း

Posted on 27 July 2016

          မြန်မာ-ဂျပန် ကနဦးပူးပေါင်းဆောင်ရွက်မှု အပိုင်း(၂)အရ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးဆိုင်ရာ လုပ်ငန်းအဖွဲ့၏ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေ (မူကြမ်း) ဆိုင်ရာ       ဆွေးနွေးပွဲအား       ၂၀၁၆    ခုနှစ် ဇူလိုင်လ ၂၆ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ ရန်ကုန်မြို့၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

          အဆိုပါဆွေးနွေးပွဲသို့ မြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံး၊ ဂျပန်နိုင်ငံကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များအသင်း (မြန်မာ)၊ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီနှင့် ဂျပန်ပြည်ပကုန်သွယ်မှု အဖွဲ့အစည်းတို့မှ ကိုယ်စားလှယ်များနှင့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှအရာထမ်းများအပါအဝင် စုစုပေါင်း (၄၀)ဦး တက်ရောက်ခဲ့ကြ ပါသည်။

           ဆွေးနွေးပွဲတွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးနှင့် ဂျပန်သံရုံးမှ သံမှူးကြီး Mr. Ichiro MARUYAMA တို့မှအဖွင့် အမှာစကားအသီးသီးပြောကြားခဲ့ပြီး မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေ(မူကြမ်း) နှင့်စပ်လျဉ်း၍ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်တင်အေးဟန်က အသေးစိတ် ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ဆက်လက်၍ ဆွေးနွေးပွဲသို့တက်ရောက်လာသူများက သိလိုသည်များကို မေးမြန်းဆွေးနွေးကြပြီး ဆွေးနွေးပွဲအား မွန်းတည့် (၁၂:၀၀) နာရီ အချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။