အများနှင့်သက်ဆိုင်သော ကုမ္ပဏီများ သိစေရန် ကြေညာချက်

အများနှင့်သက်ဆိုင်သော ကုမ္ပဏီများ သိစေရန် ကြေညာချက်

Posted on 19 December 2016

၁။      ၁၉၁၄ ခုနှစ် မြန်မာနိုင်ငံ ကုမ္ပဏီများ အက်ဥပဒေနှင့်အညီ ဖွဲ့စည်းမှတ်ပုံတင်ထားသော အများနှင့်သက်ဆိုင်သောကုမ္ပဏီများသည် ကုမ္ပဏီမှတ်ပုံတင် လက်မှတ်ရရှိပြီးနောက် ပုဒ်မ-၁ဝ၃ အရ "လုပ်ငန်းစတင်ဆောင်ရွက်ခွင့်လက်မှတ်"(Certificate of Commencement of Business) ရရှိရန် ဆောင်ရွက်ရမည်ဖြစ်ပါသည်။

၂။      အဆိုပါ လုပ်ငန်းစတင်ဆောင်ရွက်ခွင့် လက်မှတ်ရရှိရန် အတွက် ၁၉၁၄ ခုနှစ် မြန်မာနိုင်ငံ ကုမ္ပဏီများအက်ဥပဒေ ပုဒ်မ-၉၂ နှင့် ၉၃ တို့အရ ကုမ္ပဏီသည် မိမိကုမ္ပဏီ၏ အကြောင်း ပြည့်စုံစွာ ဖော်ပြသည့် အလားအလာညွှန်းတမ်း (Prospectus) သို့မဟုတ် ပုဒ်မ ၉၈ အရ အကြောင်းအရာဖော်ပြချက် (Statement in lieu) ကို ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနသို့ မှတ်ပုံတင်ရပါမည်။

၃။      အကြောင်းအရာဖော်ပြချက်(Statement in lieu) ဖြင့်တင်ပြပြီး လုပ်ငန်းစတင်ဆောင်ရွက် ခွင့်လက်မှတ်ရရှိထားသော အများနှင့်သက်ဆိုင်သော ကုမ္ပဏီများသည် အလားအလာညွှန်းတမ်း (Prospectus)အား ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနသို့ တင်ပြမှတ်ပုံတင်ထား ခြင်း မရှိသေးပါက ပုဒ်မ ၉၇ အရ အများပြည်သူသို့ ငွေချေးသက်သေခံလက်မှတ်များ၊ အစုရှယ်ယာများ ကမ်းလှမ်းရောင်းချခြင်း ဆောင်ရွက်ခွင့်မရှိပါ။

၄။      သို့ပါ၍ အများနှင့်သက်ဆိုင်သော ကုမ္ပဏီများသည် အလားအလာ ညွှန်းတမ်း (Prospectus) အား ငွေချေးသက်သေခံ လက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင်သို့ တင်ပြ အတည်ပြုချက် ရယူပြီးနောက် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနတွင် ၁၉၁၄ ခုနှစ် မြန်မာနိုင်ငံ ကုမ္ပဏီများ အက်ဥပဒေ ပုဒ်မ ၉၂ နှင့်အညီ တင်ပြမှတ်ပုံတင်ပြီးမှသာ ငွေချေးသက်သေခံလက်မှတ်များ၊ အစုရှယ်ယာများကို အများ ပြည်သူသို့ ကမ်းလှမ်းခွင့်ရှိပါကြောင်း  အသိပေးကြေညာအပ်ပါသည်။

ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန