(၃/ ၂၀၂၂) ကြိမ်မြောက် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် အစည်းအဝေးက နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုလုပ်ငန်း (၅) ခုအပါအဝင် လုပ်ငန်းသစ် (၁၉) ခုခွင့်ပြု

(၃/ ၂၀၂၂) ကြိမ်မြောက် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် အစည်းအဝေးက နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုလုပ်ငန်း (၅) ခုအပါအဝင် လုပ်ငန်းသစ် (၁၉) ခုခွင့်ပြု

Posted on 12 July 2022

(၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁၁ ရက်၊ နေပြည်တော်)

          မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၃/ ၂၀၂၂) ကြိမ်မြောက် အစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော် ရုံးအမှတ် ၁၈၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းနှင့် ကော်မရှင်အဖွဲ့ဝင်များတက်ရောက်ခဲ့ပါသည်။

          အစည်းအဝေးတွင် ဆောင်ရွက်ဆဲ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း(၁၁)ခု၏ မတည်ငွေရင်းတိုးမြှင့်ခြင်း အပါအဝင် စက်မှုကဏ္ဍ၊ ဝန်ဆောင်မှုကဏ္ဍ၊ စိုက်ပျိုးမွေးမြူရေးကဏ္ဍနှင့် လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍ တို့မှ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသစ် (၁၉) ခု ကိုခွင့်ပြုပေးခဲ့ပါသည်။ အဆိုပါ လုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ အမေရိကန်ဒေါ်လာ (၈၀၇.၁၅၅) သန်းနှင့် ကျပ် (၃၂၁,၉၄၈.၇၅၂) သန်း ဖြစ်ပြီး ပြည်တွင်း အလုပ်အကိုင် အခွင့်အလမ်းပေါင်း (၃,၁၀၀) ကျော်ကိုဖန်တီးပေးနိုင်မည်ဖြစ်ပါသည်။

          ယနေ့အစည်းအဝေးက ခွင့်ပြုခဲ့သောလုပ်ငန်းများတွင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် အမျိုး အစားဖြစ်သည့် နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးရုံတည်ဆောက်၍ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းလုပ်ငန်း (၅)ခု လည်းပါဝင်ပါသည်။

          ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် ယနေ့အချိန်အထိ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေအရ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၂၀) ခုက စုစုပေါင်း အမေရိကန်ဒေါ်လာ (၈၂၉.၁၄၆) သန်းဖြင့် လည်းကောင်း၊ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၂၁)ခုက စုစုပေါင်းကျပ် (၃၅၀,၉၄၇.၃၄၇) သန်းဖြင့်လည်းကောင်း ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်လျက်ရှိကြပြီး၊ အဆိုပါလုပ်ငန်းများမှ အလုပ် အကိုင် အခွင့်အလမ်းပေါင်း (၁၃,၀၀၀)ကျော်ကို ဖန်တီးပေးနိုင်ခဲ့ပါသည်။