မြန်မာ့စီးပွားရေး အသိုက်အဝန်း ပိုမိုကောင်းမွန်စေရန်အတွက် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးနှင့် လွယ်ကူချောမွေ့စေခြင်းဆိုင်ရာ အစီအစဉ်များကို မိတ်ဆက်သည့် “Unboxing Investment Facilitation Toolkit 2022” အခမ်းအနား ကျင်းပပြုလုပ်

မြန်မာ့စီးပွားရေး အသိုက်အဝန်း ပိုမိုကောင်းမွန်စေရန်အတွက် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးနှင့် လွယ်ကူချောမွေ့စေခြင်းဆိုင်ရာ အစီအစဉ်များကို မိတ်ဆက်သည့် “Unboxing Investment Facilitation Toolkit 2022” အခမ်းအနား ကျင်းပပြုလုပ်

Posted on 01 April 2022

(ဧပြီ ၁၊ ရန်ကုန်)

          ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနက တာဝန်ယူ အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ ချောမွေ့စေရေး လုပ်ငန်းစဉ်များဖြစ်သော လုပ်ထုံးလုပ်နည်းများ ရိုးရှင်းလွယ်ကူစေခြင်း၊ အွန်လိုင်းဝန်ဆောင်မှု မြှင့်တင်ခြင်းနှင့် ရင်းနှီးမြှုပ်နှံမှုအတွက် အတားအဆီးများလျှော့ချခြင်း၊ ရင်းနှီးမြှုပ်နှံပြီး နောက်ပိုင်း ဝန်ဆောင်မှုများ တိုးမြှင့်ပံ့ပိုးပေးခြင်း၊ လုပ်ထုံးလုပ်နည်းဆိုင်ရာ ဝန်ထုပ်ဝန်ပိုးများ လျှော့ချခြင်းနှင့် ပွင့်လင်း မြင်သာမှု ပိုမိုအားကောင်းစေခြင်းစသည့် ဦးတည်ချက်များနှင့်အညီ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် ရင်းနှီးမြှုပ်နှံမှု လွယ်ကူ ချောမွေ့စေခြင်းဆိုင်ရာ အစီအစဉ် (Investment Facilitation Tools) များအား စီးပွားရေးလုပ်ငန်းအသိုက်အဝန်းသို့ စတင်မိတ်ဆက်သည့် “Unboxing Investment Facilitation Toolkit 2022” အခမ်းအနားကို ၂၀၂၂ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့တွင် ရန်ကုန်မြို့၊ Wyndham Grand Yangon Hotel ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

          အဆိုပါ အခမ်းအနားသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းနှင့် ဗဟိုအလုပ်အမှုဆောင်များ၊ ပြည်တွင်း/ ပြည်ပမှ ရင်းနှီးမြှုပ်နှံသူ လုပ်ငန်းရှင်များ၊ ဥပဒေဆိုင်ရာ ဝန်ဆောင်မှုကုမ္ပဏီများနှင့် နိုင်ငံခြားကုန်သည်များနှင့်စက်မှုလုပ်ငန်းရှင် အသင်းအဖွဲ့များ၏ ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး နိုင်ငံအသီးသီးတွင် တာဝန်ထမ်းဆောင်နေကြသော မြန်မာစီးပွားရေးသံမှူးများကလည်း Virtual စနစ်ဖြင့် ပါဝင်တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနား၌ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကား ပြောကြားရာတွင် ၂၀၁၉ ခုနှစ် နှောင်းပိုင်းကာလများနှင့် ၂၀၂၀၊ ၂၀၂၁ ခုနှစ်တို့တွင် ကိုဗစ် - ၁၉ ကပ်ရောဂါ၏ ရိုက်ခတ်မှု များကြောင့် ကမ္ဘာတစ်ဝှမ်း စီးပွားရေးကျဆင်းမှုများကို မလွှဲမရှောင်သာ တွေ့ကြုံခံစားခဲ့ကြရပါ ကြောင်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနအနေဖြင့် စီးပွားရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အသိုက်အဝန်း၏ ယုံကြည်အားထားရသည့် မိတ်ဖက်ကောင်းတစ်ရပ် ဖြစ်စေရေးအတွက် ရည်ရွယ်ချက်ထားရှိပြီး SMART Program ချမှတ်၍ ဦးတည်ဆောင်ရွက် လျက်ရှိပါကြောင်း၊ ယနေ့ကျင်းပသည့် “Unboxing Investment Facilitation Toolkit 2022” အခမ်းအနားတွင် SMART Program ၏ ဦးတည်ချက်များနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်ထားသည့် ရင်းနှီးမြှုပ်နှံမှုလွယ်ကူချောမွေ့စေခြင်းဆိုင်ရာ အစီအစဉ်လေးမျိုးကို စီးပွားရေး အသိုက်အဝန်းသို့ စတင်မိတ်ဆက်ခြင်းဖြစ်ပါကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက “Unboxing Investment Facilitation Toolkit 2022” အခမ်းအနားတွင် မိတ်ဆက်ပေးသွားမည့် အစီအစဉ်များ ဖြစ်ကြသည့် အီလက်ထရောနစ် တွေ့ဆုံဆွေးနွေးခြင်း ဝန်ဆောင်မှုစနစ် DICA Online Solution (DOSo)၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ တစ်နေရာတည်း အလုံးစုံဝန်ဆောင်မှု ပေးသည့်အဖွဲ့ (One Stop Service) ၏ စံချိန်စံညွှန်းမီ လုပ်ထုံးလုပ်နည်းများ (Standard Operation Procedures)၊ Cost of Doing Business in Myanmar Survey Report 2022 နှင့် DICA Info Android Mobile Application တို့သည် ရှိရင်းစွဲ ရင်းနှီးမြှုပ်နှံသူများနှင့် မိမိတို့နိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားသူ/အလားအလာရှိသူများအတွက် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လုပ်ငန်းစဉ်များကို လွယ်ကူ ချောမွေ့စေပြီး ထိရောက်အကျိုးရှိသည့် ဝန်ဆောင်မှုများကို ဖော်ဆောင်ပေးနိုင်မည် ဖြစ်ပါ ကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ခေတ်ရေစီးကြောင်းနှင့် ကိုက်ညီမှုရှိပြီး ထိရောက်မှုရှိသည့် ဝန်ဆောင်မှုများကို Online platform မှတစ်ဆင့် ပေးစွမ်းနိုင်ရေးအတွက် Online ဝန်ဆောင်မှု များကို အကောင်အထည်ဖော်လျက်ရှိပြီး များမကြာမီကာလအတွင်း ထပ်မံ၍ Online စနစ် အသစ်များကို မိတ်ဆက် ပေးနိုင်တော့မည် ဖြစ်ပါကြောင်း၊ အစိုးရ-ပုဂ္ဂလိက အပြန်အလှန် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုမြှင့်တင်လာနိုင်မည် ဖြစ်ပါကြောင်း ဆွေးနွေး ပြောကြားခဲ့ပါသည်။

ထို့နောက် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်က ယနေ့မိတ်ဆက်ခဲ့သည့် အစီအစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့မှု အခြေအနေများ၊ ရရှိလာမည့်အကျိုးကျေးဇူးများနှင့် ဌာနအနေဖြင့် ဆက်လက် ဆောင်ရွက်သွားမည့် အစီအစဉ်များကို  ရှင်းလင်းတင်ပြခဲ့ပါသည်။ ဆက်လက်၍ သက်ဆိုင်ရာ ညွှန်ကြားရေးမှူးက နည်းပညာဆိုင်ရာကိစ္စရပ်များ၊ အသေးစိတ် အချက်အလက်များနှင့် ဆောင်ရွက်ပုံနည်းစနစ်များ ကို PowerPoint presentation ဖြင့် ရှင်းလင်းတင်ပြခဲ့ပါသည်။

          ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက ဂုဏ်ပြုစကားပြောကြား၍ အခမ်းအနားကို ရုတ်သိမ်းခဲ့ပါသည်။

ယနေ့ မိတ်ဆက်ပေးခဲ့သည့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဝန်ဆောင်မှု အစီအစဉ်လေးမျိုးမှာ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စုံစမ်းမေးမြန်းမှုများ အတွက် အချိန်မရွေး၊ နေရာမရွေး အွန်လိုင်းမှ တစ်ဆင့် ချိန်းဆိုနိုင်ပြီး လွယ်ကူလျင်မြန်စွာ အွန်လိုင်းမှ တစ်ဆင့် သက်ဆိုင်ရာ အရာရှိများနှင့် တွေ့ဆုံဆွေးနွေးနိုင်မည့် မြန်မာနိုင်ငံ၏ ပထမဦးဆုံးသော အွန်လိုင်းဝန်ဆောင်မှုတစ်ရပ် ဖြစ်သည့် အီလက်ထရောနစ် တွေ့ဆုံဆွေးနွေးခြင်း ဝန်ဆောင်မှုစနစ် DICA Online Solution (DOSo)၊ အစိုးရဌာနများထံမှ လိုင်စင်၊ ခွင့်ပြုချက်များ လျှောက်ထားရယူခြင်း နှင့်  စပ်လျဉ်းသည့် လုပ်ထုံးလုပ်နည်းများကို ပွင့်လင်းမြင်သာစွာ ဖော်ပြထားသည့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ တစ်နေရာတည်း အလုံးစုံ ဝန်ဆောင်မှုပေးသည့် အဖွဲ့ (OSS) ၏ စံချိန်စံညွှန်းမီ လုပ်ထုံးလုပ်နည်းများ (SOP)၊ မြန်မာနိုင်ငံ၏ တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးရှိ မြေ၊ အဆောက်အဦ၊ လုပ်သား၊ အခွန်အခနှင့် ပို့ကုန်သွင်းကုန်ဆိုင်ရာ အချက်အလက်နှင့် ကုန်ကျစရိတ်စသည့် အချက်အလက်များကို လွယ်ကူစွာ ရှာဖွေ ကြည့်ရှုနိုင်မည့် Cost of Doing Business in Myanmar Survey Report 2022 ၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန၏ လှုပ်ရှား ဆောင်ရွက်မှုများ၊ ထုတ်ပြန်ကြေညာချက်များ၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အချက်အလက်များ၊ လုပ်ငန်းရှင်များက အများဆုံးမေးလေ့ရှိသည့် မေးခွန်းများနှင့် အဖြေများကို လက်ကိုင်ဖုန်းများမှ တစ်ဆင့် အလွယ်တကူ ကြည့်ရှုနိုင်မည့် DICA Info Mobile Application စသည်တို့ဖြစ်ကြောင်း သတင်းရရှိပါသည်။